တနိုင်း နိုဝင်ဘာ ၂၉
ကချင်ပြည်နယ်၊ တနိုင်းခရိုင် ဟူးကောင်းဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးစွမ်းအားတိုးမြှင့်ဆောင်ရွက်နိုင်ရေး တနိုင်းမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် နိုဝင်ဘာ ၂၇ ရက်က တနိုင်းမြို့နယ်အတွင်း မိုးစပါးစံကွက်ရိတ်သိမ်းပွဲ၊ ဒေသခံတောင်သူများ၊ ဘာသာ ရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲများကို ဆောင်ရွက်ခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်သည် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများသည် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ကျော်ဘုန်းအောင်၊ ဌာနဆိုင်ရာများနှင့်အတူ တနိုင်းမြို့ ကင်ဆားရာရပ်ကွက်အတွင်းရှိ ကက်သလစ် အသင်းတော်ပိုင်ဝင်းအတွင်း ယာယီနေရပ်စွန့်ခွာခိုလှုံရာစခန်းဖွင့်လှစ်၍ နယ်မြေလုံခြုံရေးအခြေအနေအရ ယာယီခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စုများနှင့် သွားရောက်တွေ့ဆုံကာ အိမ်ထောင်စု (၇၀)အတွက် ဆန်(၂၄)ပြည်ပါအိတ် (၇၀)၊ ဆီပိဿာ (၇၀)၊ ကြက်ဥကတ် (၇၀) ၊ ဟင်းသီးဟင်းရွက်များကို ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ ကက်သလစ်အသင်းတော် ဖာသာအတွက် ခရစ္စမတ်လက်ဆောင်နှင့် အိမ်ထောင်စုများအတွက် ငွေကျပ်သိန်း (၃၀)ကို ထပ်မံထောက်ပံ့ပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တနိုင်းမြို့နယ် မိုင်းခွန်ကျေးရွာအုပ်စု၊ ရေနံကုန်းကျေးရွာ၌ ကျင်းပသည့် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ၊ ဒေသခံတောင်သူများ ဆောင်း သီးနှံမျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ခဲ့ကြပြီး ကျေးရွာအုပ်စုအတွင်းရှိ မိုးစပါးစိုက် တောင်သူများအား ဆောင်းသီးထပ်စိုက်ပျိုးနိုင်ရေး နေကြာမျိုးစေ့ တင်း (၅၀)၊ ဆီမုန်ညှင်းမျိုးစေ့ (၇၅)တင်း၊ မြေပဲမျိုးစေ့တင်း (၃၀၀)၊ ပဲပုတ်မျိုးစေ့တင်း (၂၀)နှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များ၊ ဆောင်းသီးထပ်ဧက (၁၀၀)စိုက်ပျိုးရေးအတွက် ခြံစည်းရိုးကာရံနိုင်ရေး ငွေကျပ်သိန်း (၅၀)ကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် အဆိုပါ ဆွတ်ငိုင်ပါကွင်းအတွင်း တောင်သူ ဦးယောဘ၏ လယ်(၁၀)ဧကအတွင်းရှိ ဆင်းဧကရီ-၃ မျိုးစပါးများအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ကွင်းသရုပ်ပြ စံကွက်ရိတ်သိမ်းမှုအား တောင်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် အဆိုပါကျေးရွာအုပ်စုအတွင်းရှိ ဂျိုဆာဒီးကျေးရွာ၌ ပြည်နယ်ရန်ပုံငွေဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသော ကျေးရွာတွင်းလမ်း အမာခံကျောက်ချောလမ်း အရှည်(၁ ဒသမ ၆) ကီလိုမီတာလမ်း ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် တနိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ရပ်ကွက်/ကျေးရွာကော်မတီအဖွဲ့ဝင်များနှင့် တနိုင်းဒေသစိုက်ပျိုးစွမ်းအားတိုးတက်မြင့်မားရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ တက်ရောက်လာကြသည့် တောင်သူများက စိုက်ပျိုးရေးလုပ်ငန်းအတွက် အခြေခံလိုအပ်ချက်များ၊ ကုန်ထုတ်လမ်း၊ စိုက်ပျိုးရေ ရရှိရေးတို့ကို တင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
မွန်းလွဲပိုင်းတွင် ပုန်းခုန်းရပ်ကွက်အတွင်းရှိ နှစ်ခြင်းခရစ်ယာအသင်းတော်ရုံး၌ တနိုင်းမြို့နယ်အတွင်းရှိ ဘာသာရေးအသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ဘာသာရေးအဖွဲ့အစည်းအသီးသီးအနေဖြင့် ဒေသခံပြည်သူများအား တိုက်တွန်းအားပေးခြင်းဖြင့် ကူညီပေးကြရန်ပြောကြားပြီး အလှူငွေကျပ်သိန်း (၃၀)နှင့် ခရစ္စမတ်လက်ဆောင် ခြုံစောင်များကို ပေးအပ်လှူဒါန်းခဲ့ကာ ဘာသာရေးအသင်းအဖွဲ့များ၏ တင်ပြချက်များအပေါ် ဌာနဆိုင် ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တနိုင်းမြို့ မြို့ဦးကျောင်းတိုက်သို့ သွား ရောက်ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညိုခဲ့ကြကာ လှူဖွယ်ပစ္စည်းများ၊ အလှူငွေများ ကို လှူဒါန်းခဲ့ကြပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်သာသနာရေးဆိုင်ရာလုပ်ငန်းများကို လျှောက်ထားခဲ့ကြကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်