ဟားခါး နိုဝင်ဘာ ၂၉
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ချင်းပြည်နယ်တာဝန်ခံနှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ MEVM မဲပေးစက်လုပ်ငန်းဆိုင်ရာ ကြီးကြပ်မှုအဖွဲ့၊ MEVM စက်နည်းပညာ အထောက်အကူပြုအဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ချင်းပြည်နယ်တာဝန်ခံ ဦးအောင်မိုးမြင့်၊ ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ စီးပွားရေးရာဝန်ကြီး ဒေါက်တာလျန်ဇခုပ်၊ သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်း၊ စစ်ဗျူဟာ(အခြေချ) ဟားခါး စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်လင်းထွန်း၊ MEVM မဲပေးစက်လုပ်ငန်းဆိုင်ရာကြီးကြပ်မှုအဖွဲ့နှင့် နည်းပညာ အထောက်အကူပြုအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ချင်းပြည်နယ်တာဝန်ခံ ဦးအောင်မိုးမြင့်က MEVM မဲပေးစက်လုပ်ငန်းဆိုင်ရာကြီးကြပ်မှုအဖွဲ့နှင့် နည်းပညာအထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းပြီး လုပ်ငန်းများ လည်ပတ်ဆောင်ရွက်လျှက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ MEVM မဲပေးစက် လုပ်ငန်းဆိုင်ရာကြီးကြပ်မှုအဖွဲ့သည် မဲပေးစက်များ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ကြီးကြပ်ကန့်သတ်ပစ္စည်းတစ်ခုအနေနှင့် ကြီးကြပ်ဆောင်ရွက်ရမှာဖြစ်ပြီး နည်းပညာ အထောက်အကူပြုအဖွဲ့ များအနေဖြင့် MEVM မဲပေးစက်နှင့် စက်စပ်ပစ္စည်းများနှင့်ပတ်သက်၍ လိုအပ်သည့် အကူအညီများ ပေးနိုင်အောင် တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၊ MEVM မဲပေးစက်သည် မဲမသမာမှု မဖြစ်အောင် ရည်ရွယ်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကြီးကြပ်မှုအဖွဲ့နှင့် အထောက်အကူပြုအဖွဲ့များ အနေဖြင့် ချို့ယွင်းချက်၊ အားနည်းချက်မရှိအောင် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေးက ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ပြည်နယ် MEVM မဲပေးစက် လုပ်ငန်းဆိုင်ရာကြီးကြပ်မှုအဖွဲ့နှင့် ပြည်နယ် MEVM စက်နည်းပညာ အထောက်အကူပြုအဖွဲ့တို့မှ တာဝန်ရှိသူများက လုပ်ငန်းလည်ပတ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ချင်းပြည်နယ်တာဝန်ခံက လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)