ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ဟားခါး  နိုဝင်ဘာ   ၂၈

ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီခွဲက  ဟားခါးမြို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ စီးပွားရေးရာဝန်ကြီး ဒေါက်တာလျန်ဇခုပ်၊ သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်း၊ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးဇထန်းနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေးက ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် ဒုတိယအကြိမ်မဲစာရင်းကို ကပ်ထားကြေညာနေပြီဖြစ်ကြောင်း၊ ဌာနဆိုင်ရာများ အနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးရေးအတွက် ဝန်ထမ်းအားလုံးမဲစာရင်းတွင် အမည်စာရင်းပါရှိရေးဆောင်ရွက်ရန်လိုကြောင်း၊ ထို့အတူ အသက် ၁၈ နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသည့် ဝန်ထမ်းမိသားစုဝင်များနှင့် ဒေသခံပြည်သူများပါ ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးရေးအတွက် မဲစာရင်းတွင် အမည်စာရင်းပါမပါကြည့်ရှုစစ်ဆေးကြရန်နှင့် အမည်စာရင်းမပါဝင်သေးပါက ဥပဒေပါလုပ်ငန်းစဉ်များအတိုင်း အချိန်မီဆောင်ရွက်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်းက အခြားမြို့နယ်များမှ ဟားခါးမြို့သို့ ရောက်ရှိလာကြသော တိုက်ပွဲရှောင်ပြည်သူများ မဲစာရင်းတွင်ပါရှိနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြော ကြားသည်။

ယင်းနောက် ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးကျော်စိုးနိုင်က ဒုတိယအကြိမ် မဲစာရင်းမှန်ကန်မှုရှိစေရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေ ၊ အစိုးရ၏ အုပ်ချုပ်မှုယန္တရား ယာယီရပ်ဆိုင်းလျက်ရှိသည့် မြို့နယ်များ၏ ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းပြည့်စုံမှန်ကန်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဟားခါးခရိုင်အုပ်ချုပ်ရေးမှူးတို့က ဝန်ထမ်းနှင့်အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ဝန်ထမ်းမိသားစုဝင်များ၏ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ဒုတိယအကြိမ်မဲစာရင်းကပ်ထားစဉ်အတွင်း မဲစာရင်းတွင်အမည်စာရင်းမပါဝင်သေးသူများက ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍သိရှိလိုသည်များကို ဆွေးနွေးတင်ပြကြသည်။ ထို့နောက် ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ပြည်နယ်ရွေးကောက်ပွဲအရာရှိက ပြန်လည်ဖြေကြားပြီး စစ်ဗျူဟာ(အခြေချ) ဟားခါးစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်လင်းထွန်းက လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ရှင်းတင်းတင်ပြ၍ ခေတ္တ ချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက  လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)