တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ချင်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမြေထိန်းနံရံ တည်ဆောက်ရေး လုပ်ငန်းများအား ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ဟားခါး  သြဂုတ်  ၅

တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ချင်းပြည်နယ်ညွှန်ကြားရေးမှူးရုံး၏ အရှေ့ဘက် အဝင်ပေါက်လမ်းခင်းကျင်း နိုင်ရေးအတွက် ကျောက်စီမြေထိန်းနံရံ စုစုပေါင်း(၄)ခုနှင့် ရေနုတ်မြောင်း တည်ဆောက်မှုအခြေအနေများကို ယမန်နေ့တွင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းကို ရုံးအဝင်ပေါက်လမ်းမကြီး ကွန်ဂရစ်ခင်းကျင်းနိုင်ရေးအတွက် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် ပြည်ထောင်စု (ဖြည့်စွက်) ရန်ပုံငွေ ကျပ်သန်း ၆၅.၂၄၀ဖြင့် Delta Pride ကုမ္ပဏီလီမီတက်က တာဝန်ယူ၍ ဇူလိုင်လ ၁၇ရက်နေ့မှ စတင် တည်ဆောက်ခဲ့ရာ ပထမမြေထိန်းနံရံ အလျား၂၄၂ ပေ× အမြင့် ၇ ပေ × အထူ ၄ ပေ၊ ဒုတိယ မြေထိန်းနံရံ အလျား ၁၀၀× အမြင့် ၅ပေ × အထူ ၃ ပေ၊ တတိယမြေထိန်းနံရံ အလျား ၁၀၀ ပေ× အမြင့် ၁၀ ပေ × အထူ၅ပေ၊ စတုတ္ထမြေထိန်းနံရံ အလျား ၈၀ ပေ × အမြင့် ၄ ပေ × အထူ ၃ ပေရှိ စုစုပေါင်း ကျောက်စီမြေထိန်းနံရံ(၄)ခုနှင့် ရေနုတ်မြောင်းများ ပါဝင်ပြီး ယနေ့ထိ လုပ်ငန်းတစ်ခုလုံး၏ ၅၀ ရာခိုင်နှုန်းပြီးစီး လျက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ကုန်တွင်အပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ပြည်နယ်တာဝန်ခံ ဦးထန်မွမ်းခိုင် ထံမှ သိရှိရသည်။

အဆိုပါ ကျောက်စီမြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းကို Delta Pride ကုမ္ပဏီ လီမီတက်က တာဝန်ယူကာ တည်ဆောက်လျက်ရှိပြီး လုပ်ငန်းတစ်ခုလုံး ဆောင်ရွက်ပြီးစီးပါက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ချင်းပြည်နယ်ညွှန်ကြားရေးမှူးရုံး၏ စတုရန်းပေ ၄၃၀ရှိ ကားပါကင် အဆောက်အဦကို တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်း၊ လုပ်ငန်းအရည်အသွေး ပြည့်မီစေရေးနှင့် လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး တာဝန်ယူဆောင် ရွက်လျက်ရှိသည့် Delta Pride ကုမ္ပဏီလီမီတက်မှ အမြဲမပြတ် ကြီးကြပ်ဆောင်ရွက်လျက်ရှိသည့်နည်းတူ ပြည်နယ်အစိုးရအဖွဲ့မှလည်း ကွင်းဆင်း ကြီးကြပ်ဆောင်ရွက်ပေး လျက်ရှိကြောင်းနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အကျယ် ပေ ၂၀ × အရှည်ပေ ၂၆၀ × အထူ ၈ လက်မရှိ ကွန်ဂရစ် လမ်းခင်းကျင်းခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ပြည်နယ်တာဝန်ခံ ဦးထန်မွမ်းခိုင်ထံမှ သိရှိရသည်။

အောင်ခွီရှိန်း(ပြန်/ဆက်)