နောင်ချိုမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

နောင်ချို နိုဝင်ဘာ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက စာဖက်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာရေးဆရာကိုရွှေအောင်သင်းက “လူငယ်နှင့် အနာဂတ်နိုင်ငံတော်” ခေါင်းစဉ်ဖြင့်ဟောပြောရာတွင် လူငယ်များသည် နိုင်ငံတော်အတွက်အရေးပါသည့် နိုင်ငံ့သားကောင်းများဖြစ်ကြောင်း၊ ရည်မှန်းချက်ကြီးကြီးမားမားထားဖို့လိုအပ်ကြောင်း၊ မှန်ကန်တည့်မှတ်သော လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းကြရန်လိုအပ်ကြောင်း၊ ဇွဲလုံ့လရှိရှိဖြင့် ကြိုးစားကြရန် လိုအပ်ကြောင်း၊ ၎င်း၏ ကိုယ်တွေ့ဘဝဖြစ်စဉ်များနှင့် နှိုင်းယှဉ်၍ ဆွေးနွေးဟောပြောခဲ့သည်။

ဆက်လက်ပြီး စာရေးဆရာက ကျောင်းစာကြည့်တိုက်၌ ထားရှိအသုံးပြုနိုင်ရန် သုတစာအုပ်များအား ကျောင်းအုပ်ဆရာမကြီးထံသို့လည်းကောင်း၊ ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်မျာကိုလည်းကောင်း လှူဒါန်းပေးခဲ့သည်။ ဟောပြောပွဲ၏အခမ်းအနားသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)