ရေဖြူမြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်းများကြည့်ရှုနိုင်ရေး အိမ်တိုင်ရာရောက်ကွင်းဆင်းအသိပေး

ရေဖြူ နိုဝင်ဘာ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ်၌ မဲဆန္ဒရှင်အမည်စာရင်းများကို ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများလာရောက်ကြည့်ရှုနေမှုအပြင် မိမိအမည်မဲစာရင်းပါမပါသိရှိနိုင်ရန် ယနေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကျော်ထင်ကိုကိုနှင့်အဖွဲ့ဝင်များကွင်းဆင်း ဆောင်ရွက်ကြသည်။

ဦးစွာမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ရေဖြူမြို့၊ (က)ရပ်ကွက်နှင့် (ခ)ရပ်ကွက်တို့တွင် ဒုတိယအကြိမ် မဲစာရင်းများကပ်ထားကြေညာမှုကို ပြည်သူများလာရောက် ကြည့်ရှုမှုအပြင် အိမ်တိုင်ရာရောက် မိမိမဲစာရင်းပါမပါအား အိမ်ထောင်စုအလိုက်စစ်ဆေးကြည့်ရှု နိုင်ရန်ကွင်းဆင်းဆောင်ရွက်ကြကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအနေဖြင့် မိမိတို့နေထိုင်ရာဒေသတွင် ပုံစံ (၆၆/၆)ရှိပြီး မဲစာရင်း၌ မိမိအမည်မပါဝင်ပါက ထည့်သွင်းပေးရန် တောင်းဆိုလွှာပုံစံ(၃)ဖြင့်လည်းကောင်း၊ မဲစာရင်းပါအမည်နှင့် အခြားအချက်အလက်များအား ကန့်ကွက်ရန်ရှိပါက ကန့်ကွက် လွှာပုံစံ(၄)ဖြင့်လည်းကောင်း၊ မဲစာရင်းပါအချက်အလက်တစ်ခုခုကို ပြင်ဆင်ရန်ရှိပါက ပြင်ဆင် လွှာပုံစံ (၄-ဂ)ဖြင့်လည်းကောင်း မဲစာရင်းထုတ်ပြန်ကြေညာသည့် ရက်မှစ၍၁၄ရက်အတွင်း သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာကော်မရှင်အဖွဲ့ခွဲမှတစ်ဆင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးသို့ သတ်မှတ်ပုံစံများဖြင့် လျှောက်ထားနိုင်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)