ကျွန်းစု နိုဝင်ဘာ ၂၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း (တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံ)၊ မြန်မာအီလက်ထရောနစ်မဲပေးစက်များ(MEVM) ကြီးကြပ်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် တာဝန်ရှိသူများအား ကျွန်းစုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာခန်းမတွင် တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးရာ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း (တနင်္သာရီတိုင်းတာဝန်ခံ)က မဲပေးစက်များ သယ်ယူပို့ဆောင်ရေးအခက်အခဲများ၊ မဲပေးစက်များ အဆင့်အသင့်ဖြစ်နိုင်ရေး၊ မဲပေးစက်ကိုင်တွယ်အသုံးပြုမည့်သူများ အဆင့်အသင့်ဖြစ်စေရေး၊ လုံခြုံရေးကောင်းမွန်ရေးနှင့် ရွေးကောက်ပွဲကျင်းပရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးနိုင်ရေး ပြောကြားခဲ့သည်။
ထို့နောက် မြန်မာအီလက်ထရောနစ် (MEVM)မဲပေးစက်များ ကြီးကြပ်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က မဲစာရင်းများ တိကျမှန်ကန်မှုရှိရေးကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်နှင့် ဒုတိယအကြိမ်မဲစာရင်းများကို ပြည်သူများ အလွယ်တကူ ရှာဖွေကြည့်ရှုနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးရန်တို့ကို ပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသော မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် တာဝန်ရှိသူများက ဥယျာဉ်ပိုင်း၊ ပင်လယ်ပိုင်း၊ လယ်တောပိုင်းတို့ရှိ မဲရုံရှိရာ ကျေးရွာများသို့ MEVM မဲပေးစက်များ သယ်ယူပို့ဆောင်ရေးကိစ္စရပ်များနှင့် ရွေးကောက်ပွဲဆိုင်ရာများကို ကဏ္ဍအလိုက်ဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့် မြန်မာအီလက်ထရောနစ် MEVM မဲပေးစက်များကြီးကြပ်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြောကြား၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့် အဖွဲ့သည် မြို့ပေါ်ရပ်ကွက်ရှိ မဲရုံများနှင့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲများမှ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာထားမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး မဲဆန္ဒရှင်ပြည်သူများ မိမိတို့၏ မဲစာရင်းများ ရှာဖွေရာတွင် အခက်အခဲမရှိစေရေး၊ အဆင်ပြေစွာ ကြည့်ရှုနိုင်အောင် ဆောင်ရွက်ကြရန်၊ မဲဆန္ဒရှင်များမှ အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ ကန့်ကွက်ခြင်း၊ ပြင်ဆင်လွှာတင်သွင်းခြင်းများ ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ စနစ်တကျဆောင်ရွက်ကြရန်နှင့် တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)