တနင်္သာရီမြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်/ကျေး ကော်မရှင်အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်လှစ်

တနင်္သာရီ နိုဝင်ဘာ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်/ကျေး ကော်မရှင်အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းတွင် တနင်္သာရီမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖိလစ်ဝင်းက တနင်္သာရီမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း (၂၃) အုပ်စုရှိသည့်အနက် ရပ်ကွက်ကျေးရွာ (၇) ခု၌ ဖွင့်လှစ်မည့် မဲရုံပေါင်း (၁၀) တွင်မဲဆန္ဒရှင်ပြည်သူပေါင်း (၉၆၃၀) ဦးရှိကြောင်း၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအနေဖြင့် မဲပေးစက်အသုံးပြုရာတွင် လိုအပ်မည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကိုသိရှိပြီး မဲဆန္ဒရှင်ပြည်သူများ ရှင်းလင်းလွယ်ကူစွာ မဲပေးနိုင်ရေးအကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။

ထိုနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန့်နိုင်ဝင်းက မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားကာ သင်တန်းကို နိုဝင်ဘာလ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ နှစ်ရက်အကြာဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ကြောင်း သိရှိရသည်။

သီသီခိုင် (တနင်္သာရီ)