မြိတ် နိုဝင်ဘာ ၂၆
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင်ဒေသထွက်ကုန်များအား တန်ဖိုးမြှင့်ကုန်ပစ္စည်းများအဖြစ် ထုတ်လုပ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်၊ စားသောက်ကုန် ထုတ်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ အသိပညာဗဟုသုတတိုးပွားလာစေရန်အတွက် မြိတ်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်လျက်ရှိသည့် တန်ဖိုးမြင့်စားသောက်ကုန် (ယို၊ဖျော်ရည်နှင့်ဝိုင်)ထုတ်လုပ်မှုနည်းပညာ သင်တန်းကို ယမန်နေ့ ညနေပိုင်းက သင်တန်းဆင်းပွဲ ကျင်းပသည်။
သင်တန်းတွင် အစားအစာများပျက်စီးရခြင်း၊ အစားအစာများတာရှည်ခံပြုပြင် ထုတ်လုပ်နည်းများ၊ အစားအသောက်ထုတ်ပိုးခြင်း၊ အစားအစာသန့်ရှင်းစင်ကြယ်ရေးစီမံမှု နည်းစနစ်များအကြောင်း၊ သစ်သီးယိုအမျိုးမျိုး၊ (၁၀ဝ)ရာခိုင်နှုန်း သစ်သီးဖျော်ရည်စစ်စစ်၊ သစ်သီးဂျယ်လီ၊ သစ်သီးဝိုင်၊ သီးနှံအကြော်အလှော်များ စုစုပေါင်း ဘာသာရပ်(၁၅)မျိုးကို သင်တန်းနည်းပြ(၂)ဦးမှ စာတွေ့(၃၀) ရာခိုင်နှုန်းနှင့် လက်တွေ့(၇ဝ) ရာခိုင်နှုန်း အပြင် ပြင်ပဘာသာရပ်များအနေဖြင့် ကုန်အမှတ်တံဆိပ်များနှင့် စားသုံးသူများအကြောင်းသိကောင်းစရာတို့ကို သင်ကြားဆွေးနွေးပေးခဲ့သည်။
သင်တန်းဆင်းပွဲတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဒေါ်သူသူစံက သင်တန်းဆင်းအမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါခိုင်က သင်တန်းဆင်းလက်မှတ်နှင့် စားသုံးသူရေးရာဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းက သင်တန်းထုတ်ကုန်ပစ္စည်းများကို သင်တန်းသားများအား ပေးအပ်ကြသည်။
ထို့နောက် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ သင်တန်းဆင်းပွဲအပြီး၌ တက်ရောက်လာကြသူများက သင်တန်းဆင်းထုတ်ကုန်များကို ကြည်ရှုအားပေးကြသည်။ အဆိုပါသင်တန်းကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းကို နိုဝင်လာ(၂၁)ရက်မှ (၂၅)ရက်အထိ (၅)ရက်ကြာ ဖွင့်လှစ်ခဲ့ကာ သင်တန်းသူ/သင်တန်းသား(၂၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)