မြိတ် နိုဝင်ဘာ ၂၅
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း (တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံ)၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့် တာဝန်ရှိသူများသည် နိုဝင်ဘာ(၂၅)ရက် နံနက်ပိုင်းက ကျွန်းစုမြို့နယ် မအိုင်ကျေးရွာအုပ်စု ပထော်/ပထက်ကျေးရွာ၌ မဲဆန္ဒရှင်ပြည်သူများ၏ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေဖို့ ဆန္ဒမဲပေးနိုင်ရန်နှင့် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရန်အတွက် မဲစာရင်းများ ဒုတိယအကြိမ် ကြေညာထားရှိမှုအား ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်နှင့် အဖွဲ့သည် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများမှ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာထားမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြည်သူများ လာရောက်မဲစာရင်းကြည့်ရှုနေမှုအား အားပေးခဲ့ကြကာ မဲဆန္ဒရှင်များမှ အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ ကန့်ကွက်ခြင်း၊ ပြင်ဆင်လွှာတင်သွင်းခြင်းများ ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြရန်နှင့် တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြရန် လမ်းညွန်မှာကြားပြီး မဲရုံပြုလုပ်မည့် စာသင်ကျောင်းများအား ကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်နှင့်အဖွဲ့သည် မြိတ်ခရိုင်ကော်မရှင်အဖွဲ့ခွဲရုံးသို့ ရောက်ရှိခဲ့ကြပြီး ရွေးကောက်ပွဲနေ့တွင် လွတ်တော်အသီးသီးအတွက် အသုံးပြုမည့် မြန်မာအီလက်ထရောနစ် MEVM မဲပေးစက်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မြိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးသို့ သွားရောက်ကာ ခရိုင်/ မြို့နယ်ကော်မရှင်ခွဲနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)