သရက်ချောင်း နိုဝင်ဘာ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို နိုဝင်ဘာ ၂၅ ရက် နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့၊ (အ-ထ-က)သရက်ချောင်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်၊၊
အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်တာဝန်ခံ တောအုပ် ဦးသက်နိုင်ဦးက ကျောင်းသား/သူများအား သစ်တောသစ်ပင်ပြုစုထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများ၊ မီးခိုးမြူငွေ့ဖြစ်ပေါ်လာသည့်အချက်များ၊ မီးခိုးမြူငွေ့အမျိုးအစားများ၊ မီးခိုးမြူငွေ့၏ဆိုးကျိုးများ၊ ကာကွယ်နိုင်သည့် နည်းလမ်းများ၊ တောမီးအန္တရာယ်နှင့် ကြိုတင်ကာကွယ်နိုင်ရေးနည်းလမ်းများနှင့် သစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းကြောင့် ရာသီဥတု ကောင်းမွန်လာစေခြင်း အကျိုးကျေးဇူးများကို အသိပညာပေး ဟောပြောခဲ့ပြီးနောက် အဆိုပါဟောပြောချက်များနှင့် ပတ်သက်၍ ကျောင်းသား/သူများက သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်တာဝန်ခံ တောအုပ်ဦးသက်နိုင်ဦးက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနေမျိုးဆေးက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်းနှင့် တောမီးကာကွယ်ရေးအကြောင်း အသိပညာပေး ဟောပြောခြင်း၊ မြို့နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကောင်းမြတ်ထက်က မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် Video Clip ပြသရှင်းလင်းခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာဖတ်ရှိန်မြှင့်မားလာစေရန် ရည်ရွယ်၍ စာဖတ်ခြင်း အကျိုးကျေးဇူးများအကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် သရက်ချောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်တာဝန်ခံ တောအုပ် ဦးသက်နိုင်ဦးက ကျောင်းစာကြည့်တိုက်အတွက် သစ်တောဂျာနယ်များနှင့် ကျောင်းစိမ်းလန်းစိုပြည်ရေးအတွက် ရန်ပုံငွေပေးအပ်လှူဒါန်းရာ (အ-ထ-က)သရက်ချောင်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာမာကြူက လက်ခံရယူပေးခဲ့ပြီးနောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကျောင်းသား/သူများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေကာ အခမ်းအနား ရုပ်သိမ်းလိုက်ကြောင်း သတင်းရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)