ထားဝယ် နိုဝင်ဘာ ၂၅
“အမျိုးသမီးများအပေါ် ဒစ်ဂျစ်တယ်အကြမ်းဖက်မှုပပျောက်ရေး အားလုံးပူးပေါင်းဆောင်ရွက်ပေး” ဟူသည့် ဆောင်ပုဒ်နှင့်အညီ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်ရှိသောအမျိုးသမီးထုကြီး၏ အခွင့်အရေးများကိုဖော်ထုတ်ပေးခြင်း၊ စွမ်းဆောင်ရည်နှင့်အရည်အသွေးတွေကိုမြှင့်တင်ပေးပြီးအသိအမှတ်ပြုပေးခြင်းနှင့် မိန်းကလေးငယ်များ၊ အမျိုးသမီးများ ကြုံတွေ့နေရသော အခက်အခဲအတားအဆီးများကို ကြိုတင်ဖြေရှင်းပေးခြင်းသည် နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှုနှင့် လူ့စွမ်းအားအရင်းအမြစ်ကို မြှင့်တင်ပေးခြင်းဖြစ်ကြောင်း၊ ဒါ့ကြောင့် အမျိုးသမီး များနှင့်အမျိုးသမီးငယ်ရွယ်များအပေါ်အကြမ်းဖက်မှုလျော့နည်းပပျောက်ရေးကိစ္စကိုနိုင်ငံတော်အဆင့် ဦးစားပေးကဏ္ဍ တစ်ခုအဖြစ်သတ်မှတ်ပြီးအရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများ အားနည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံဖြစ်သလို အာဆီယံအမျိုးသမီးကော်မတီ၊ အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများ မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကော်မရှင်အဖွဲ့ဝင်နိုင်ငံအဖြစ်လည်း တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ ဒါ့အပြင် အာဆီယံဒေသတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးလုပ်ငန်း အစီအစဉ်ကိုလည်း အာဆီယံနိုင်ငံများနည်းတူ မြန်မာနိုင်ငံအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် လည်းအကြမ်းဖက်ခံရသည့် အမျိုးသမီးများကို ယာယီလက်ခံစောင့်ရှောက်ပေးနိုင်ရေးအတွက် ထားဝယ်မြို့တွင် One Stop Women Support Center(OSWSC)တစ်ခုကို ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသမီးများအပေါ် ဒစ်ဂျစ်တယ်အကြမ်းဖက်မှုအပါအဝင် အခြားသော အကြမ်းဖက်မှုပုံစံအားလုံးမှ တားဆီးကာကွယ်ရေးလုပ်ငန်းများကို တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အမျိုးသမီးကော်မတီများ၊ အမျိုးသမီးအဖွဲ့အစည်းများနှင့် ဆက်စပ်ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ပိုမိုမြှင့်တင်ဖော်ဆောင်သွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများ အားဆုချီးမြှင့်ပြီး တိုင်းဒေသကြီးအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးက အခြေခံပညာ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများ အားဆုချီးမြှင့်သည်။
ဆက်လက်၍ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များမှတ်တမ်းဗီဒီယိုနှင့် ထားဝယ်မူလတန်းကြိုကျောင်းမှသားငယ်/သမီးငယ်များက“ သွေးချင်းတို့ရဲ့မြေ ”တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်မှုများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)