မြိတ် နိုဝင်ဘာ ၂၄
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း (တနင်္သာရီတိုင်းဒေသကြီး တာဝန်ခံ)၊ မြန်မာအီလက်ထရောနစ် MEVM မဲပေးစက်များ ကြီးကြပ်ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့် တာဝန်ရှိသူများသည် နိုဝင်ဘာ(၂၄)ရက်နံနက်ပိုင်းက မြိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် မဲဆန္ဒရှင်ပြည်သူများ၏ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေဖို့ ဆန္ဒမဲပေးနိုင်ရန်နှင့် မဲစာရင်းများပြည့်စုံမှန်ကန်စေရန်အတွက် မဲစာရင်းများ ဒုတိယအကြိမ်ကြေညာထားရှိမှုအား ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်နှင့် အဖွဲ့သည် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကြေညာထားမှုများအား ပြည်သူများလာရောက် မဲစာရင်း ကြည့်ရှုနေမှုအား ကြည့်ရှုအားပေးခဲ့ကြကာ မဲဆန္ဒရှင်ပြည်သူများ မိမိတို့၏ မဲစာရင်းများ ရှာဖွေရာတွင် အခက် အခဲမရှိစေရေး၊ အဆင်ပြေစွာ ကြည့်ရှုနိုင်အောင်ဆောင်ရွက်ကြရန်၊ မဲဆန္ဒရှင်များမှ အမည်ထည့်သွင်းပေးရန်တောင်းဆိုခြင်း၊ ကန့်ကွက်ခြင်း၊ ပြင်ဆင်လွှာတင်သွင်းခြင်းများ ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ စနစ်တကျဆောင်ရွက်ကြရန်နှင့် တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြရန် လမ်းညွန်မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်နှင့် ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့်တာဝန်ရှိသူများအား မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာအစည်းအဝေးခန်းမတွင် နေ့လယ်ပိုင်းက တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများဆွေးနွေးကြသည်။ ဆွေးနွေးရာ၌ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် (တနင်္သာရီတိုင်း တာဝန်ခံ)က ရွေးကောက်ပွဲလုပ်ငန်းစဉ်များ စနစ်တကျ အောင်မြင်အောင် အားလုံးပူးပေါင်းဆောင်ရွက်ကြရန် အမှာစကားပြောကြားသည်။
ထို့နောက် မြန်မာအီလက်ထရောနစ်MEVMမဲပေးစက်များ ကြီးကြပ်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီးက မဲစာရင်းများ တိကျမှန်ကန်မှုရှိရေးကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်နှင့် ရွေးကောက်ပွဲဆောင်ရွက်မည့် မြို့နယ်အလိုက် MEVM မဲပေးစက်များ အဆင်သင့်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးထိန်လင်းဦးက ဆောင်ရွက်လျက်ရှိသော ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ဆောင်ရွက်ရန်ရှိသောလုပ်ငန်းများအားဆွေးနွေးတင်ပြပြီး မြိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးလှိုင်ဘွားက ခရိုင်အတွင်း ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများဆောင်ရွက်နေမှုများအား ဆွေးနွေးတင်ပြသည်။
ယင်းနောက် တက်ရောက်လာသော ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ရွေးကောက်ပွဲဆိုင်ရာများကို ကဏ္ဍအလိုက်ဆွေးနွေးခဲ့ကြပြီး မြန်မာအီလက်ထရောနစ် MEVM မဲပေးစက်များကြီးကြပ်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြောကြား၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)