ဇမ္ဗူသီရိမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံရေးနှင့်အခြားလိုအပ်သည်များ ကွင်းဆင်းစစ်ဆေး

ဇမ္ဗူသီရိ နိုဝင်ဘာ ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံရေးနှင့် အခြားလိုအပ်သည်များ ကွင်းဆင်းစစ်ဆေးခြင်းကို နိုဝင်ဘာ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဇမ္ဗူသီရိမြို့နယ် မီးသတ်ဦးစီးမှူး ဦးရာဇာမင်းမြတ်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် နိုဝင်ဘာ ၂၂ ရက်နေ့မှ ၂၃ရက်နေ့အထိ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များဖြစ်သော Star High ၊ Denko ၊ မြဝတီ၊ အမှတ်(၀၃၅၄)ရေနံဓါတု၊ Moonsun ၊ ရဲရင့်ကောင်းမြတ်နှင့် မကြူစက်သုံးဆီအရောင်းဆိုင်တို့အား ကွင်းဆင်း၍ စက်သုံးဆီရောင်းဝယ်/သိုလှောင်ရေးဆိုင်ရာ စည်းကမ်းများ လိုက်နာခြင်းရှိ/မရှိ၊ လမ်းနယ်နိမိတ်နှင့် လွတ်ကင်းမှုရှိ/မရှိတို့ကို စစ်ဆေးကာ မီးလောင်မှုဖြစ်စဉ်များ လျော့နည်းစေရေးနှင့် မီးလောင်မှုကြောင့် အသက်အန္တရာယ် ထိခိုက်သေဆုံးမှု မဖြစ်ပေါ်စေရေးအတွက် အကြံပြုချက်များနှင့် စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးလုံခြုံရေးစနစ်များ ပြည့်စုံစွာတပ်ဆင်ထားရှိရေး၊ လျှပ်စစ်သွယ်တန်းသုံးစွဲမှု စနစ်တကျဖြစ်စေရေး၊ မီးသတိမူရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးခဲ့ပြီး Fire Safety Certificate ရရှိရန် ဆောင်ရွက်စေရေး၊ သက်တမ်းတိုးခြင်းလုပ်ငန်း ပြီးမြောက်အောင်ဆောင်ရွက်စေရေးနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းများ ပူး‌ပေါင်းဆောင်ရွက်နိုင်ရေး တိုက်တွန်းနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးသည့်လုပ်ငန်းနှင့်အတူ စက်သုံးဆီဆိုင်၊ သိုလှောင်ရုံ/ သိုလှောင်ကန်ကြီးများ မီးလောင်မှုသည် ဆုံးရှုံးမှုတန်ဖိုး လွန်စွာများပြားခြင်း၊ မီးငြှိမ်းသတ်ရန်ခက်ခဲခြင်း၊ မီးငြှိမ်းသတ်ရန် အမြှုပ်ဆေးရည်များစွာလိုအပ်ခြင်း၊ အချိန်ကြာမြှင့်စွာ မီးငြှိမ်းသတ်ရခြင်းကြောင့် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရန် မီးသတိမူရေးတို့ကို ပညာပေးရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

နီလာ (ပြန်/ဆက်)