ထားဝယ် နိုဝင်ဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅ /၂၀၂၅ ) ကို ယနေ့ နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တိုင်းဒေသကြီးအနေဖြင့် ခရီးသွားလုပ်ငန်းနှင့် ပတ်သက်၍ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ဆောင်ရွက်ပေးရမည့်လုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းလိုင်စင်၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင် အပါအဝင် လုပ်ငန်းလိုင်စင်အသစ်များကို အဓိကထား၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်ရှိ ကျွန်းများတွင်ပိုမိုပြီး ခရီးသွားလာဧည့်သည်များကို ဆွဲဆောင်နိုင်ရန်အတွက် ဝိုင်းဝန်းကာ ညှိနှိုင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ အဓိကအနေဖြင့် ခရီးသွားလုပ်ငန်းဆောင်ရွက်သည့်နေရာတွင် လမ်းပန်းဆက်သွယ်ရေးသည် အရေးကြီးကြောင်း၊ တိုင်းဒေသကြီးတွင် ယခင်ကပြည်တွင်းခရီးသွားလုပ်ငန်းစည်ကားလျက်ရှိပြီး ဖွံ့ဖြိုးတိုးတက်လာကာ စီးပွားရေးလုပ်ငန်း အဆင်ပြေကြောင်း၊ အထူးသဖြင့် ကော့သောင်းဒေသတွင် နိုင်ငံခြားခရီးသွားလာသူများသည် ကျွန်းစခန်းများသို့ လာရောက်လည်ပတ်သည်များရှိကြောင်း၊ ခရီးသွားလုပ်ငန်းတွင် လိုအပ်ချက်အနေဖြင့် ခရီးသွားရောက်အပန်းဖြေသည့်နေရာတွင် ခရီးသွားလာသူများ စိတ်အေးချမ်းသာပြည့်စုံစွာဖြင့် နေထိုင်ရန်အတွက် လမ်းပန်းဆက်သွယ်ရေးသည် အရေးကြီးကြောင်း၊ ယခုအခါတွင် လေကြောင်းလိုင်းဖြင့် ခရီးသွားလာသူ ပိုမိုများပြားလာသည့်အတွက် လေကြောင်းလိုင်းပြေးဆွဲသည့် အခက်အခဲရှိလာကြောင်း၊ ထားဝယ်အနေဖြင့် လေယာဉ်ပြေးလမ်းတိုးချဲ့ ဆောင်ရွက်နေပြီးဖြစ်ကြောင်း၊ အလားတူပင်မြိတ်နှင့် ကော့သောင်းတွင်လည်း လေယာဉ်ပြေးလမ်း ချဲ့ရန်ဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်း ဆောင်ရွက်သည့်နေရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိ၏ ဟိုတယ်၊ မိုတယ်၊ စားသောက်ဆိုင်များသို့ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်သည့်အခါတွင် ပျော်ရွှင်စိတ်ချမ်းသာအောင် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ယခင်က တိုင်းဒေသကြီးတွင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည့်အတွက်ကြောင့် ယခုရာသီတွင် ခရီးသွားလာသူများဖြင့် စည်ကားလျက်ရှိကြောင်း၊ မကြာခင်ကာလတွင် ရေနက်ဆိပ်ကမ်းအား အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထားဝယ်တွင် ဆိပ်ကမ်းသာလမ်းအား အပန်းဖြေနားနေရန် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိသောကြောင့် ဒေသခံပြည်သူများ လာရောက်အပန်းဖြေလျက်ရှိသည့်အတွက် ဈေးဆိုင်ခင်းများတွင် ရောင်းဝယ်သူများဖြင့် အဆင်ပြေလျက်ရှိကာ ဒေသဖွံ့ဖြိုးတိုးတက်လာကြောင်း၊ ခရီးသွားလုပ်ငန်းသည် ဒေသဖွံ့ဖြိုတိုးရေးနှင့် သက်ဆိုင်သောကြောင့် တက်ရောက်လာသူများအနေဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူးက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့်ကော်မတီမှ ဆုံးဖြတ်ပေးရမည့် ဝန်ဆောင်မှုကဏ္ဍအလိုက် လုပ်ငန်းလိုင်စင် လျှောက်ထားခြင်းဆိုင်ရာ အမှာစာများအား ရှင်းလင်းတင်ပြပြီး ကော်မတီအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ စနစ်တကျဖြင့် ရေရှည်ဖွံ့ဖြိုး တိုးတက်နိုင်ရေးအတွက် အကြံပြုဆွေးနွေးတင်ပြကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။
ကျော်ကျော်လတ် (ပြန်/ဆက်)