ထားဝယ် နိုဝင်ဘာ ၂၃
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် ထားဝယ်သူနာပြုသင်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ထားဝယ်သူနာပြုသင်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုကို လှည့်လည်၍ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းဝင်းအတွင်း၌ တည်ဆောက်လျက်ရှိသည့်သူနာပြု သင်တန်းသား/သူများအတွက် လိုအပ်လျက်ရှိသော မီးဖိုဆောင် (၃၀’×၂၀’×၂၀’) ဆောက်လုပ်နေမှုနှင့် ချက်ပြုတ်ကျွေးမွေးသည့် နေရာများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်သူ့ဆေးရုံကြီးရှိမျက်စိဆောင်တွင် မျက်စိဝေဒနာရှင်များ အဆင်ပြေစွာ ကုသနိုင်ရန်အတွက် မျက်စိခွဲစိတ်ခန်းပြုပြင်မွမ်းမံနေမှုအား ကြည့်ရှုစစ်ဆေးပြီး လျှပ်စစ်မီးလုံလောက်စွာဆောင်ရွက်ပေးရန်လိုအပ်ကြောင်းနှင့် လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်က ထားဝယ်ဘိုးဘွားရိပ်သာဝင်းအတွင်းနေထိုင်သည့် သက်ကြီးဘိုးဘွားများအား ရင်းနှီးနွေးထွေးစွာ လိုက်လံနှုတ်ဆက်ကာ သက်ကြီးဘိုးဘွားများအတွက် ကျန်းမာရေးနှင့်ဘက်စုံအသုံးပြုနိုင်ရန် အလှူငွေ ကျပ်သိန်း (၁၀၀)အားပေးအပ်ပြီး ဘိုးဘွားများက ဆုတောင်းမေတ္တာပို့သကာ ဘိုးဘွားများအားပြုစု စောင့်ရှောက်နေသော ဝန်ထမ်းများအား ချီးမြှင့်ငွေများ ပေးအပ်၍ ဘိုးဘွားများ နေထိုင်သည့် နေရာထိုင်ခင်းအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
ယင်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က ထားဝယ်ပညာရေးဒီဂရီကောလိပ်ဝင်းအတွင်း၌ ကျောင်းသား/သူများအတွက် အားကစားကွင်းတည်ဆောက်နေမှုအားကြည့်ရှုစစ်ဆေးပြီး(၄)ခန်းတွဲ ဈေးဆိုင်ခန်းတွင် ရောင်းချနေသူများအား ရင်းရင်းနှီးနှီး လိုက်လံနူတ်ဆက်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကြက်စားပြင်ရပ်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးနဘေး ဆိပ်ကမ်းသာလမ်းနှင့် ငါးလေလံဈေးအကြား မြေသားလမ်းဖောက်လုပ်နေမှုအခြေအနေ၊ အကောက်ခွန်ဦးစီးဌာနရုံးနှင့် သဲကွင်းဆိပ်တံတား အကြားမြေထိန်းနံရံအပေါ်လက်ရန်း တပ်ဆင်ခြင်းလုပ်ငန်းနှင့် ပြီးစီးနေမှုအခြေအနေ၊ ယဉ်ကျေးမှုပြတိုက်နှင့် ဆန်းချီချောင်းအကြား (၄)လမ်းသွား ကွန်ကရစ် ခင်းကျင်းနေမှုအခြေအနေ၊ ကမ်းနားလမ်း ပြည်သူ့အပန်းဖြေရင်ပြင်တွင် အများပြည်သူအတွက် ကိုယ်လက်လှုပ်ရှားကျန်းမာရေးအားကစားပစ္စည်းများတပ်ဆင်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်းနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင်ရေရှည်ခိုင်မြဲစေရေး၊သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ကာလအတွင်းလုပ်ငန်းများပြီးစီးရေးတို့ကို အလေးအနက်ထားဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း တာဝန်ရှိသူများကို လမ်းညွှန်မှာကြားကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)