ထားဝယ် နိုဝင်ဘာ ၂၃
ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာရေးဆရာများ Book Club အသင်းနှင့် စာပေချစ်မြတ်နိုးသူများ ပူးပေါင်း၍ စာရေးဆရာ နန္ဒ ရေးသားသော ငါ့ဓား ငါ့သွေး ငါ့ဧရာဝတီစာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးမော်က စာရေးဆရာများ၊ စာပေချစ်မြတ်နိုးသူများပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲအား ပြုလုပ်ပေးလျက်ရှိကြောင်း၊ နယ်ချဲ့ဆန့်ကျင်ရေးသမိုင်းနောက်ခံပြုကာ မြန်မာ့ဟန် မြန်မာ့ဓလေ့နှင့် မြန်မာ့ရာဇဝင်ကို ထင်ဟပ်ဖော်ကျူးသည့် မြန်မာဝတ္ထုရှည်ကြီးများစာရင်းဝင် စာရေးဆရာ နန္ဒ၏ ငါ့ဓား ငါ့သွေး ငါ့ဧရာဝတီ စာအုပ်ထဲရှိ အကြောင်းအရာများအား ဖတ်ရှုပြီး ရှုထောင့်အမျိုးမျိုးဖြင့် ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်းနှင့် စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ဆွေးနွေးပြောကြားသည်။
ထို့နောက် စာရေးဆရာမ ဒေါ်ဆွေဆွေ၀င်း(နုနှင်းသစ်)က ငါ့ဓား ငါ့သွေး ငါ့ဧရာဝတီ စာအုပ်ထဲရှိ အကြောင်းအရာများကို ဖတ်ရှု၍ စတင်ဆွေးနွေးပေးခဲ့ပြီး တက်ရောက်လာသော စာရေးဆရာများ၊ Book Club အသင်းဝင်များ၊ စာပေချစ်မြတ်နိုးသူများက စာအုပ်ထဲရှိ အကြောင်းအရာများကို အပိုင်းလိုက် ဖတ်ရှုကာ စာပေရသ အတွေ့အကြုံများအား အပြန်အလှန် မျှဝေဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
ငွေဇင်ယော်(ထားဝယ်)