မြင်းခြံမြို့၌ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများ၏ လုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်လှစ်

မြင်းခြံ နိုဝင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများ၏ လုပ်ငန်းလမ်းညွှန်သင်တန်းကို ယနေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

သင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဇော်မင်းသန်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် ရပ်ကွက်/ကျေးရွာကော်ရှင်များ ဆောင်ရွက်ရမည့်တာဝန်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်စုလှိုင်ထွန်းက ရပ်ကွက်/ကျေးရွာ ‌ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ မဲဆန္ဒနယ်ကြေငြာခြင်း၊ မဲစာရင်းများ ပြုစုခြင်းစသည့် ခေါင်းစဉ်များဖြင့် သင်တန်းပို့ချခဲ့ပြီး မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) တပ်ဆင် အသုံးပြုပုံများကို လက်တွေ့ရှင်းလင်း ပို့ချခဲ့သည်။

အဆိုပါသင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဇော်မင်းသန်းနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ စုစုပေါင်း ၇၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ချစ်ဦးနွေ(မြင်းခြံ)