ညောင်ဦး နိုဝင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၊ ညောင်ဦးမြို့ ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပြီးစီးမှု(ရွှေပြည့်အောင်ပွဲ) ဗုဒ္ဓဘိသေက အနေကဇာတင်လှူခြင်းကို နိုဝင်ဘာ ၁၈ ရက်၊ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်က ရွှေစည်းခုံစေတီတော်ကြီး အရှေ့၊ အနောက်၊ တောင်နှင့်မြောက်ဘက်ရှိ ကြေးဂူတိုက် ၄ တိုက်တို့တွင် ဆရာတော်အရှင်သူမြတ်များက တစ်ပြိုင်နက် ဗုဒ္ဓဘိသေကအနေကဇာတင်လှူခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ တက်ရောက်ကြည်ညိုခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရွှေစည်းခုံဘုရားဝန်းအတွင်းရှိ ဝေဇယန္တာဓမ္မဗိမ္မာန်တော်၌ ရွှေစည်းခုံဘုရားကြီး လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်လှူပြီးစီးမှု (ရွှေပြည်အောင်ပွဲ)ရေစက်ချမင်္ဂလာ အခမ်းအနားပြုလုပ်ရာ ဆရာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်တို့က နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ရေစက်ချမင်္ဂလာအခမ်းအနားဖွင့်လှစ်သည်။ ထို့နောက် နိုင်ငံကျော်တေးသံရှင် အေးမြဖြူက ထူးမခြားနားရောင်တော်ဖွင့်သီချင်း ဖြင့်သီကျုးပူဇော်ပြီးနောက် နိုင်ငံတော်ဩဝါဒါစရိယ၊ မြစ်ကြည့်တိုက်၊ ရုပ်စုံကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒဝံသအရှင်သူမြတ်ထံ ငါးပါးသီလခံယူဆောက်တည်ကြကာ မေတ္တာသုတ် ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြသည်။ ဆက်လက်၍ နိုင်ငံကျော်အဆိုတော် အေးမြဖြူက အံ့ဖွယ်ကိုးစုံရွှေစည်းခုံ စေတီတော်မြတ်ကြီး၏ ဂုဏ်တော်ဖွင့်ပိုက်စုံရတုဖြင့် သီကျူးပူဇော်သည်။ ပြီးနောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ စည်ပင်သာယာရေးဝန်းကြီး ဦးကျော်ဆန်း၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များက သံဃာတော် ၁၀၈ ပါးတို့အားလှူဖွယ်ဝတ္ထုပစ္စစည်းများအသီးသီး ဆက်ကပ်လှူဒါန်းကြပြီးနောက် ညောင်ဦးမြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ၊ အလိုတော်ပြည့်စာသင်တိုက်၊ ပဓာန နာယကဆရာတော် (ဂန္ထဝါစက ပဏ္ဍိတ၊ မဟာသဒ္ဓမ္မဇောတိက ဓဇ) ဘဒ္ဒန္တပဏ္ဍိတအရှင်သူမြတ်ထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှအ တန်းပေးဝေကြပြီး အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားပြီးမြောက်ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဒီပါလင်း