အမရပူရမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

အမရပူရ နိုင်ဝင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ အမရပူရမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စု ယာမြင်းတိုင်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမရပူရမြို့နယ်ရုံးမှ ဦးစီးဒေါ်ထွေးထွေးဝင်းက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားစိစစ်ရေးကတ်ကိုင်ကြစို့” ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ကျေးရွာအုပ်စုအတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ ပျက်စီးသူများ ကွင်းဆင်းဆောင်ရွက်ပေးခြင်း အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ငယ်တိုးကျေးရွာအုပ်စုအတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီး ပြည်သူ ၁၁ဝ ဦး၊ ကျန်တန်းရပ်ကွက်အတွင်းရှိ ပြည်သူ ၅၅ ဦးတို့ကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမရပူရမြို့နယ်ရုံးမှ ဦးစီးဒေါ်ထွေးထွေးဝင်းနှင့်ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)