ကျွန်းစုမြို့နယ်၌ မဲဆန္ဒနယ်ပြင်ပ သွားရောက်ကျောင်းတက်ကြမည့် တက္ကသိုလ်ကျောင်းသား/သူ များ ကြိုတင်ဆန္ဒမဲပေး

ကျွန်းစု နိုဝင်ဘာ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်း  နေထိုင်ကြပြီး မဲဆန္ဒနယ်ပြင်ပသွားရောက်ကျောင်းတက်ကြမည့် တက္ကသိုလ်ကျောင်းသား/သူများသည် မိမိတို့၏ မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့ပေါ်အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ စီစဉ်ဆောင်ရွက်သည့် ကြိုတင်ဆန္ဒမဲလက်မှတ်ကို ထုတ်ယူကာ ကြိုတင်ဆန္ဒမဲပေးဆောင်ရွက်ကြသည်။

တက္ကသိုလ်ကျောင်းသား/သူများ ကြိုတင်ဆန္ဒမဲမေးရာတွင် ကျောင်းသား/သူများက ကြိုတင်ဆန္ဒမဲလက်မှတ်များ ထုတ်ယူပြီး လျှို့ဝှက်ဆန္ဒပြုခန်းတွင် မိမိကြိုက်နှစ်သက်သည့် ကိုယ်စားလှယ်လောင်းကို ဆန္ဒပြုမဲပေးခဲ့ကြပြီး ကြိုတင်မဲပုံးအတွင်းသို့ ထည့်ကြသည်။ တက္ကသိုလ်ကျောင်းသား/သူများ ကြိုတင် ဆန္ဒမဲပေးနေမှုအား မြို့နယ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကော်မတီ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်း နှင့် တာဝန်ရှိသူများက ကြည့်ရှု အားပေးကြသည်။

ကျွန်းစုမြို့နယ်သည် ရွေးကောက်ပွဲဆောင်ရွက်ခြင်း အပိုင်း ၂ တွင် ပါဝင်ပြီး ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ရွေးကောက်ပွဲစတင်ကျင်းပမည်ဖြစ်ရာ ကြိုတင်ဆန္ဒမဲပေးခြင်းကို နိုဝင်ဘာ(၁၇)ရက်မှ (၂၁)ရက်အထိ ဆောင်ရွက်မှာဖြစ်ပြီး ယနေ့အထိ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး လာရောက်လျှောက်ထားသူ ၂၁ ဦး ရှိရာ ၎င်းမဲဆန္ဒနယ်ပြင်ပရောက် ကျောင်းသား/သူများက ယခုလို ကြိုတင်မဲပေးခြင်းကို ဆောင်ရွက်ခြင်းဖြစ်တယ်ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး ဒေါ်မို့မို့အေး က ပြောသည်။

မဲဆန္ဒနယ်ပြင်ပရောက် ကျောင်းသား/သူများအနက် ရွေးကောက်ပွဲ စတင်ကျင်းပမည့် ဒီဇင်ဘာ(၂၈)ရက် နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီး ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများဖြစ်ပါက မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာ ကျောင်းများသို့ မသွားရောက်မီ မိမိတို့၏ မဲစာရင်းပါရှိရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးတွင်  မိမိတို့ကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ထုတ်ပေးသည့် ကျောင်းသားစိစစ်ရေးကတ် သို့မဟုတ် ကျောင်းဝင်ခွင့်အထောက်အထားတို့ကို ပြသ၍ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အသိပေးကြေညာထားရှိကြောင်း သိရသည်။

ထက်မြင့် (ကျွန်းစု)