တောင်ကြီး နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ စာသင်ဆောင်အသစ် တည်ဆောက်နေမှုအခြေအနေများကို နိုဝင်ဘာလ (၁၈)ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့၊ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း၌ အင်းဂုဏ်ရောင်ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်လျက်ရှိသည့် (၁၁၀x၃၀)ပေ RCC နှစ်ထပ် စာသင်ဆောင်အသစ်တည်ဆောက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးက သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာ တည်ဆောက်ရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကုမ္ပဏီမှတာဝန်ရှိသည့် အင်ဂျင်နီယာက အမြဲလာရောက်၍ စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန် မှာကြားခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ပွင့်ဖြိုးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်လျက်ရှိသည့် (၁၄၀x၃၀)ပေ RCC သုံးထပ်စာသင်ဆောင်အသစ် တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ လိုအပ်သည်များမှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း ဘုရားဖြူ(မြောက်)၌ (၁၄၀x၃၀)ပေ RCC သုံးထပ်စာသင်ဆောင် တည်ဆောက်နေမှုနှင့် ဖက်ကွန်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဖက်ကွန်၌ (၁၅၀x၃၀)ပေ တစ်ထပ် စာသင်ဆောင် တည်ဆောက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူတို့က ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးက သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာ တည်ဆောက်ရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကုမ္ပဏီမှ တာဝန်ရှိသည့် အင်ဂျင်နီယာက အမြဲလာရောက်၍ စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)