ရန်ကုန် နိုဝင်ဘာ ၁၉
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) တို့ ပူးပေါင်းဖွင့်လှစ်သည့် ဆန်စပါးကြိတ်ခွဲထုတ်လုပ်နည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ စက်မှုနည်းပညာ လေ့ကျင့်သင်ကြားရေး သင်တန်းကျောင်း(SITE)၊ Multipurpose Hall တွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ စိုင်းကျော်နိုင်ဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်ကြီးများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် အသင်းဝင်ကုမ္ပဏီများ၊ သင်တန်းတက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများနှင့်တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာ သင်တန်းများသည် နည်းပညာအသစ်များ၊ အရည်အသွေး ထိန်းသိမ်းမှု စနစ်များ၊ ဒီဂျစ်တယ်နှင့် ဉာဏ်ရည်တု (AI) ပညာရပ်များ၊ လျှပ်စစ်နှင့်စက်မှုပညာရပ်များကို သင်ကြားပေးသွားမည်ဖြစ်ပြီး အနာဂါတ်အခွင့် အလမ်းများစွာရှိပါကြောင်း၊ တန်ဖိုးထားပြီး ကြိုးပမ်းလေ့လာရေး၊ တက်ကြွစွာ လေ့လာရေးနှင့် လေ့ကျင့်ရေးတို့ကိုလည်း အကြံပြုလိုပါကြောင်း၊ သင်တန်းကာလအတွင်း ထိရောက်သည့် သင်ကြားသင်ယူမှုဖြစ်စေရန် ကျောင်းအုပ်ကြီး၊ သင်တန်းမှူးများ၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူအားလုံးကို တိုက်တွန်းပြောကြားလိုပါကြောင်းနှင့် မြန်မာနိုင်ငံတွင်ပထမဦးဆုံး စတင်ဖွင့်လှစ်သည့် ဆန်းစပါးကြိတ်ခွဲ ထုတ်လုပ်နည်းသင်တန်းဖြစ်မြောက်ရေး ဝိုင်းဝန်းကူညီသူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်းစသည်တို့ကို ပြောကြားသည်။
ထို့နောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ စိုင်းကျော်နိုင်ဦးက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က သင်တန်းဖွင့်လှစ် ရခြင်း ရည်ရွယ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းတင်းတင်ပြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က ပြသထားသည့် သင်ရိုးညွှန်တမ်းစာအုပ်များ၊ ဆန်စပါးကြိတ်ခွဲထုတ်လုပ်နည်းသင်တန်း Level 1 နှင့် Level 2 သင်တန်းသင်ကြားပို့ချနေမှုများ၊ လက်တွေ့သင်တန်းခန်းနှင့် နည်းပညာသင်ထောက်ကူပစ္စည်းများကို လှည့်လည် ကြည့်ရှု အားပေးကာ သင်တန်းသား၊ သင်တန်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
အဆိုပါ ဆန်စပါးကြိတ်ခွဲထုတ်လုပ်မှုနည်းပညာ သင်တန်းကို Level 1 အား သင်တန်းကာလ(၃)လနှင့် Level 2 အား သင်တန်းကာလ (၄) လ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၆၃) ဦးတို့ဖြင့် တာဝန်ရှိ သူများက စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို