လားရှိုးမြို့ အ.ထ.က (၆) ကျောင်း၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

လားရှိုး     နိုဝင်ဘာ   ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားစေရေး၊ ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များ စာအုပ်စာပေများနှင့်ချစ်ခင်ရင်းနှီးကျွမ်းဝင်ပြီး စာဖတ်သည့်အလေ့အထတွင် ပျော်မွေ့လာစေရန်ရည်ရွယ်၍ အခြေခံပညာစာသင်ကျောင်းများကိုအခြေခံကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို နိုဝင်ဘာ ၁၈ ရက်နေ့နံနက် ၉ နာရီက အမှတ် ၆ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

ဦးစွာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အေးမင်းဦး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦး‌နေဝင်းအောင်၊ ပြည်နယ်တိုင်းရင်းသား‌ရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ တွဲဖက်ပြည်နယ်မှူး ဦးဇော်ဌေး‌အောင်၊ ပြည်နယ်ပညာရေးမှူးရုံးခွဲ(ရှမ်းမြောက်)မှညွှန်ကြားရေးမှူး ဦးတင့်ဆွေနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်‌ရေးကော်မတီဥက္ကဌ ဦးမျိုးမင်းထွန်းတို့က  စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။

ဆက်လက်၍ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူ‌လေးများက “အလှဆုံးပန်းများ ပွင့်ကြပြီ” သီချင်းဖြင့် တေးသရုပ်ဖော် ဖျော်ဖြေတင်ဆက်ခဲ့ပြီး  ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက်  ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ  စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပနိုင်ရေးအတွက် ချီးမြှင့်ပေးအပ်သည့် ငွေကျပ် သိန်း ၃၀ အား ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးကပေးအပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တွဲဖက်ပြည်နယ်မှူးက လည်းကောင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ရာ ဟိုတယ်လုပ်ငန်းရှင်အသင်းနှင့် စက်သုံးဆီလုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူများကလည်းကောင်း၊ မြန်မာနိုင်ငံစာကြည့်တိုက် ဖောင်ဒေးရှင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ဥက္ကဋ္ဌ ဒေါ်ခင်းသန်းနွဲ့ (မမလားရှိုး)က စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းရာ အမှတ် (၆)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ‌ ဒေါ်စန်းစန်းကြူကလည်းကောင်း လက်ခံယူခဲ့ကြသည်။ ဆက်လက်၍ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက“ပညာဘဏ်တိုက်စာကြည့်တိုက်" သီချင်းဖြင့် တေးသရုပ်ဖော် ဖျော်ဖြေတင်ဆက်သည်။

ထို့အပြင် တက်ရောက်လာကြသည့် တာဝန်ရှိသူများက ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ စသည့် ဉာဏစွမ်းရည်ပြိုင်ပွဲများ၊ ဆန်ကောရွက်၊ ခါးလှည့်၊ မုန့်စား၊ အာလူးကောက်စသည့် ကာယစွမ်းရည်ပြိုင်ပွဲများ၊ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း၊ “လှပသာယာပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြပွဲ၊ အခြေခံပညာကျောင်းသိပ္ပံပြခန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်‌ရေးနှင့်ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာ‌ပေးပြခန်းများနှင့် စာအုပ်ဈေးရောင်းပွဲတော်တို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့‌ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)