မြင်းခြံမြို့၌ တက္ကသိုလ်အသီးသီးတွင် သွားရောက်ပညာသင်ယူကြမည့် ကျောင်းသား/ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေး

မြင်းခြံ နိုဝင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ တက္ကသိုလ်အသီးသီးတွင် သွားရောက်ပညာသင်ယူကြမည့် ကျောင်းသား/ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်မှစ၍ ရွှေပြည်စိုး သာသနာ့ဗိမာန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ကြိုတင်ဆန္ဒမဲပေးခြင်းကို နိုဝင်ဘာ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ၅ ရက်တာကာလအတွင်း တက္ကသိုလ်ကျောင်းသား/ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကနှင့် တာဝန်ရှိသူများက ကျောင်းသား/‌ကျောင်းသူများအား ကြိုတင်ဆန္ဒမဲပေးစေနိုင်ရေးအတွက် ပုံစံ ၁၃ ဖြင့် ဖောင်ဖြည့်ရေးသွင်းပေးပြီး လျှို့ဝှက်မဲပုံးတွင် မိမိတို့နှစ်သက်ရာ ပါတီများအား ဆန္ဒမဲပေးနိုင် ကြောင်း ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

မြင်းခြံမြို့ပေါ် ရပ်ကွက်ပေါင်း ၂၀ နှင့် ကျေးရွာအုပ်စု (၈) အုပ်စုမှ တက္ကသိုလ်ကျောင်းများတွင် တက်ရောက်သင်ယူကြမည့် ကျောင်းသား/ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွားများမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးများက ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ချစ်ဦးနွေ