ပင်လောင်း နိုဝင်ဘာ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဟိုပုံးမြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ “စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်ရေး အားလုံးကူညီဆောင်ရွက်ပေး” ဆောင်ပုဒ်နှင့်အညီ အမှိုက်ခွဲခြားစွန့်ပစ်သည့်အလေ့အကျင့်ကောင်းများရရှိစေရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံမြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မင်းဦးက နေရာဒေသများမှထွက်ရှိသည့် စွန့်ပစ်အမှိုက် အမျိုးအစားများ၊ စနစ်တကျခွဲခြားစွန့်ပစ်ရမည့် အမှိုက်အမျိုးအစားများ၊ အမှိုက်အမျိုးအစားများကို စနစ်တကျခွဲခြားစွန့်ပစ်ခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်း၊စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းကြောင့် ပတ်ဝန်းကျင်သက်ရောက်မည့်ဆိုးကျိုးများ၊ ဘေးအန္တရာယ်ဖြစ်စေသည့် ဓာတုစွန့်ပစ်ပစ္စည်းများအကြောင်းကို ဟောပြောသည်။
ထို့နောက် ဉာဏ်စမ်းမေးခွန်း အမေးအဖြေမေးမြန်းချက်များကို အဖြေမှန်အောင်ဖြေဆိုနိုင်သည့် ကျောင်းသား/ကျောင်းသူများအား ဗလာစာအုပ်နှင့် ဘောပင်လက်ဆောင်များပေးအပ်ပြီး၊ အဆိုပါဟောပြောပွဲသို့တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှထုတ်ဝေသည့် အမှိုက်အမျိုးအစားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)