လှိုင်သာယာ နိုဝင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော အားကစားအသိပညာပေးဟောပြောပွဲ၊ သရုပ်ပြပွဲနှင့် အားကစားပစ္စည်းပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၇ ရက်နေ့ နံနက် (၁၀) နာရီက အ.ထ.က (၁၆) ပုလဲခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးဇော်ထိုက်အောင်က အားကစားဆိုင်ရာ အသိပညာပေးဟောပြောပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ဇော်က အားကစားနှင့်ပတ်သတ်သည့် အသိပညာများ ဟောပြောခဲ့ပါသည်။
ဆက်လက်၍ ကျောင်းသား/သူများက သရုပ်ပြအကများဖြင့် ဖျော်ဖြေတင်ဆက်၍ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးဇော်ထိုက်အောင်က ဂုဏ်ပြုဆုငွေချီးမြှင့်ပေးခဲ့ပါသည်။
ထို့နောက် အ.ထ.က (၁၆) ကျောင်းမှ တာဝန်ခံဆရာမတစ်ဦးအား အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဇော်ထိုက်အောင်က အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပါသည်။
ယင်းနောက် မြို့နယ်လက်ထောက်ပညာရေးမှူး ဒေါ်ဝင်းဝင်းလှိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
မြင့်ဇော် (ပြန်/ဆက်)