မက်မန်း နိုဝင်ဘာ ၁၉
ရှမ်းပြည်နယ်၊ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က မင်းရန်အောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း) တာဝန်ခံဦးမြင့်ဦး၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များ၊ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးကျော်မြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ မက်မန်းခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှအဖွဲ့ဝင်များ၊ မက်မန်းခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်ဦးက ၂၀၂၅ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အပိုင်းလိုက်ခွဲပြီး ဆောင်ရွက်မည့်အခြေအနေ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ၏ ဆောင်ရွက်ရမည့် တာဝန်နှင့် လုပ်ပိုင်ခွင့်အခြေအနေ၊ မဲစာရင်းစစ်ဆေးသူနှင့် ထိန်းချုပ်စက်ကိုင်တွယ်သူတို့၏ တာဝန်နှင့် လုပ်ပိုင် ခွင့်များ၊ မြန်မာအီလက်ထရောက်နစ် MEVM စက်များ သယ်ဆောင်ခြင်း၊ လက်ခံခြင်း၊ တပ်ဆင်ခြင်း၊ စမ်းသပ်ခြင်း၊ နေရာချထားခြင်းနှင့် ကိုယ်တွယ်အသုံးပြုရမည့်အခြေအနေများ ရွေးကောက်ပွဲအား အောင်မြင်စွာဆောင်ရွက်ရမည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းမှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်ဦးသည် သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ သင်တန်းပို့ချနေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်းနှင့် အဆိုပါသင်တန်းသို့ သင်တန်းသားသင်တန်းသူ ၉၂ ဦး တက်ရောက်ပြီး နိုဝင်ဘာလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရ ပါသည်။
သိန်းသန်း