နမ့်စန်(တ) နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့အထတွင် ပျော်မွေ့လာစေရန် အခြေခံပညာကျောင်းများကိုအခြေခံ၍ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္က ဦးနေမျိုးထွန်းနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာအကြီးအကဲများ၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖြစ်မြောက်ရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖြစ်မြောက်ရေး ဦးစီးကော်မတီဥက္က၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား စည်ကားသိုက်မြိုက်စွာဆောင်ရွက်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပရခြင်းဖြစ်ကြောင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖြစ်မြောက်ရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီဝင်များ ဖွဲ့စည်းတာဝန်ပေးအပ်မှုအခြေအနေ၊ ကော်မတီအလိုက် အခမ်းအနားပြင်ဆင်ရေးနှင့်ကျင်းပရေး၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး၊ ဘဏ္ဍာငွေရှာဖွေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး၊ ပြပွဲ/ပြခန်းများဆောင်ရွက်ရေး၊ ကာယ၊ ဉာဏပြိုင်ပွဲများ ကျင်းပရေးနှင့် ပွဲတော်ဖြစ်မြောက်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာအောင်က ပွဲတော်ကျင်းပမည့်လုပ်ငန်းစီမံချက် အသေးစိတ်၊ ဖွင့်ပွဲ၊ ပိတ်ပွဲ၊ ပြပွဲပြိုင်ပွဲများ ဆောင်ရွက်မည့်အစီအစဉ်၊ အားကစားပြိုင်ပွဲများ ဆောင်ရွက်မည့်အစီအစဉ်နှင့် အခြားလိုအပ်သည့်တို့ကို တင်ပြဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား နမ့်စန်မြို့ အထက(နမ့်စန်)တွင် ဒီဇင်ဘာလ(၂)ရက်နေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ဖွင့်ပွဲ၊ ပိတ်ပွဲအစီအစဉ်များ၊ ကျောင်းပေါင်းစုံ ထက်/လယ်/မူ စာစီစာကုံး၊ ကဗျာရွတ်၊ ပုံပြင်ပြော၊ ကျပန်းစကားပြော၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများနှင့် ကာယ၊ ဉာဏလှုပ်ရှားမှု ပျော်ပွဲရွှင်ပွဲပြိုင်ပွဲများ၊ စာပေဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်အရောင်းပွဲတော်များပါဝင်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
သူရအောင် (နမ့်စန်)