မူဆယ်မြို့၌ တက္ကသိုလ်တက်မည့် ကျောင်းသူ၊ ကျောင်းသားများ ကြိုတင်ဆန္ဒမဲပေးခြင်းဆောင်ရွက်

မူဆယ် နိုဝင်ဘာ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် တက်ရောက်ကြမည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ မဲပေးခွင့် မဆုံးရှုံးစေရေး ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီမှစ၍ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများ၌ စတင်ကြိုတင်မဲပေးခဲ့ကြောင်း သိရသည်။

မူဆယ်မြို့နယ်တွင် ရပ်ကွက် ၉ ရပ်ကွက်ရှိပြီး သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအတွင်း မိမိတို့ကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ထုတ်ပေးသည့် ကျောင်းသားစိစစ်ရေးကတ် (သို့)ကျောင်းဝင်ခွင့် အထောက်အထားများပြသ၍ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း သိရသည်။

အဆိုပါကြိုတင်ဆန္ဒမဲပေးခြင်းတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများက ကြိုတင်ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ရာ သက်ဆိုင်ရာနိုင်ငံရေး ပါတီများမှ ပါတီကိုယ်စားလှယ်များက စောင့်ကြည့်လေ့လာခဲ့ကြပြီး ဆန္ဒမဲပေးပြီးနောက် မဲပုံးများကို တာဝန်ရှိသူများက လုံခြုံစွာထိမ်းသိမ်းထားရှိကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)