ရန်ကုန် နိုဝင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက အမျိုးသားကဇာတ်ရုံ(ရန်ကုန်)၌ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၊ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး ဘက်စုံအထောက်အကူပြုအဖွဲ့(MORS)နှင့် မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA)တို့၏ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေး၊ လမ်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုးနှင့် တာဝန်ရှိသူများက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။
ဆက်လက်၍ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားပြီး အလှူငွေများ ပေးအပ်ရာ MORS ဥက္ကဋ္ဌ ဦးလျန်ကျင့်မန်က လက်ခံရယူခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက “ယာဉ်အန္တရာယ်ကင်းရှင်းရေး ချိန်ခါမရွေးဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကာတွန်း၊ ပန်းချီပြိုင်ပွဲနှင့် ဆုရရှိသူများကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ဒဂုံမြို့နယ်၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၊ လသာမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် လမ်းမတော်မြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများက ယာဉ်စည်းကမ်း ပညာပေးသီးချင်းဖြင့် ဖျော်ဖြေကြပြီး “ပျောက်ဆုံးသွားသောအိမ်မက်” Road Safety ပညာပေး ဇာတ်ကားပြသသည်။
ယင်းနောက် MORS ဥက္ကဋ္ဌ ၊ MYACSAA ဥက္ကဋ္ဌနှင့် MIA ဥက္ကဋ္ဌတို့က MOU လက်မှတ်ရေးထိုးခဲ့ကြပြီး ဖျော်ဖြေရေးအဖွဲ့များအား တာဝန်ရှိသူများက ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြသည်။
၎င်းနောက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှုဖွင့်ပွဲ အခမ်းအနားတွင် ပြထားသည့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ရှင်းကင်းရေးဌာနဆိုင်ရာပြခန်းများနှင့် “MYANMAR CARS AND SPAREPARTS EXPO 2025” ပြပွဲတို့အား ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြပြီး အဆိုပါယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ် လှုပ်ရှားမှုကို နိုဝင်ဘာလ(၁၈)ရက်နေ့မှ နိုဝင်ဘာလ (၂၄)ရက်နေ့အထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)