ပြင်ဦးလွင် နို၀င်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
အဆိုပါပြိုင်ပွဲများတွင် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ကျောင်းသူများ ၀င်ရောက်ယှဉ်ပြိုင်ကြပြီး အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၅၅ဦး၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ၁၉ ဦး၊ မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲတွင် ၃၀ ဦး၊ မူလတန်းအဆင့် ပုံပြောပြိုင်ပွဲတွင် ၂၆ ဦး စုစုပေါင်း ၁၃၀ ဦး အသီးသီး ၀င်ရောက်ယှဉ်ပြိုင်ကြသည်။ ထို့နောက် ပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၌ ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သွေးသွေး (ပြန်/ဆက်)