တောင်သာမြို့ မင်းစု အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

တောင်သာ နိုဝင်ဘာ ၁၈

တောင်သာမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို နိုဝင်ဘာလ(၁၈)ရက်၊ နံနက်(၁၀)နာရီ အချိန်က မင်းစုအခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ  လူငယ်စကားဝိုင်းတွင် မင်းစုအခြေခံပညာအထက်တန်းကျောင်း  ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြဆွေက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဦးရဲဝင်းအောင်က  လူငယ်စကားဝိုင်း  ကျင်းပရခြင်း၏  ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် လူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲဝင်းအောင်က ဦးဆောင်ဆွေးနွေးပြီး Grade-5 မှ မောင်မြတ်ဖုန်းနန္ဒက လူငယ်နှင့်ခေါင်းဆောင်မှု၊ Grade-9 မှ မကြည်ကြည်အောင်က ကြည်ညိုလေးစားရသော မြတ်ဆရာ၊ Grade-10 မှ မောင်လင်းမောင်မောင်ဦးက ပြည်ထောင်စုငြိမ်းချမ်းရေးဆီသို့၊ Grade-11 မှ မဝင့်ဝါထွေးက စာတတ်မြောက်ရေးမှ ပညာရေးခေတ်ဆီ သို့ခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး ဦးစီးအရာရှိ ဦးရဲဝင်းအောင်က ဆွေးနွေးချက်များအပေါ် ဖြည့်စွက်၍ ဆွေးနွေးပေးခဲ့ ကြောင်း သိရသည်။

အဆိုပါ စကားဝိုင်းသို့ ဌာနဆိုင်အကြီးအကဲများ၊ မင်းစုအခြခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရခဲ့သည်။

ကျော်မျိုးနိုင်(တောင်သာ)