တာမွေ နိုဝင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ သမာဓိလမ်း အမှတ်(၁၁၈၂)၊ (၄၂×၅၅)ပေ၊ RC သုံးခန်းတွဲ(၆)ထပ်၊ (၃)လွှာ(ယာဘက်အစွန်)ရှိ အကျယ်အဝန်း (၁၂×၅၅)ပေ နေအိမ်တိုက်ခန်း၌ ယနေ့နံနက်(၅)နာရီ (၂၄)မိနစ်အချိန်က ဟောင်းနွမ်းဆွေးမြေ့နေသော ဝါယာကြိုးများအသုံးပြု၍ (၄)ပေမီးချောင်းထွန်းထားရာမှ ဝါယာကြိုးများ အပူလွန်ကဲကာ အရည်ပျော်ပြီး အောက်ရှိ အဝတ်ပုံပေါ်သို့ မီးပွားကျရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ် ဖြစ်ပွားခဲ့သည့်နေရာသို့ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၃၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦးတို့ဖြင့် ရောက်ရှိမီးငြှိမ်းသတ်ခဲ့ရာ နံနက်(၅)နာရီ (၄၂)မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် သစ်သားတံခါးကျည်းဘောင်တစ်ချပ်၊ ဝါယာကြိုးများ၊ (၄)ပေမီးချောင်းတစ်ချောင်းနှင့် အဝတ်အထည်များ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ အိမ်ငှားဒေါ်လှိုင်လှိုင်ထွန်းအား တာမွေမြို့မရဲစခန်းမှ (ပ) ၃၅၂ / ၂၀၂၅/ ပုဒ်မ(၂၈၅)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင် (ပြန်/ဆက်)