ကိုကိုးကျွန်း နိုဝင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ စက်ချုပ်နည်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်တွင် ကိုကိုးကျွန်းမြို့နယ်ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီစောမှ အဖွင့်မှာစကားပြောကြားခဲ့ကြောင်းသိရသည်။ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက နိုင်ငံတော်ဝန်ကြီးချုပ်၏ ကိုကိုးကျွန်းမြို့နယ်ခရီးစဉ်လမ်းညွှန်ချက်အရဖွင့်လှစ်တဲ့ စက်ချုပ်နည်းပညာသင်တန်းဖြစ်ကြောင်း၊ သင်တန်းသို့တက်ရောက်လာကြသော သင်တန်းသားများနှင့် ဒေသခံများအတွက် အသက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုအနေဖြင့် တစ်ပိုင်တစ်နိုင်လုပ်ငန်း လုပ်ကိုင်နိုင်မှာဖြစ်ပြီး ဒေသခံပြည်သူလူထုလူမှုစီးပွားဘဝဖွင့်ဖြိုးတိုးတက်ဖို့နှင့် အလုပ်ကိုင်အခွင့်လမ်းများရရှိစေရန် ယခုလိုသင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ ယနေ့ဖွင့်လှစ်တဲ့စက်ချုပ်သင်တန်းဟာဆိုလျှင် အမျိုးသမီးဝတ်အင်္ကျီ၊ နောက်ဇစ်အင်္ကျီ၊ ဂျာစီ၊ ရှပ်အင်္ကျီလက်တို၊ ဂျိတ်ထဘီ၊ လေးလွှာထဘီ အစရှိတဲ့ ချုပ်လုပ်နည်းအမျိုးမျိုးကို စာတွေ့လက်တွေ့ ထိထိရောက်ရောက် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကေခိုင်မြတ်ထွန်းမှ စက်ချုပ်နည်းပညာသင်တန်းတွင်ပို့ချမည့် သင်ခန်းစာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီစောနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးအသင်းဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း အင်အား (၇၁)ဦး တက်ရောက်ခဲ့ပြီး သင်တန်းတက်ရောက်သူ (၃၄) ဦး ရှိကြောင်း သိရသည်။
ထွန်းထွန်းဇော်