မိုင်းကိုင် နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများက တာဝန်ယူဖွင့်လှစ်သည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် တက်ရောက်ကြမည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ မဲပေးခွင့်မဆုံးရှုံးစေရေးကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှစ၍ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများ၌ စတင်ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ကြိုတင်ဆန္ဒမဲပေးခြင်းတွင် မိုင်းကိုင်မြို့နယ်မှ ပင်လုံတက္ကသိုလ်သို့ တက်ရောက်ကြမည့် တက္ကသိုလ်ကျောင်းသား/ကျောင်းသူ (၃) ဦး၊ နည်းပညာတက္ကသိုလ် (ပင်လုံ) သို့ တက်ရောက်မည့် တက္ကသိုလ်ကျောင်းသား/ကျောင်းသူ (၃) ဦး၊ စုစုပေါင်း (၆) ဦးတို့သည် သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်အဖွဲ့ ခွဲရုံးများဖြစ်သည့် အမှတ် (၁) ရပ်ကွက်နှင့် အမှတ် (၄) ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးများတွင် လွတ်လပ်စွာကြိုတင်ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါကြိုတင်ဆန္ဒမဲပေးခြင်းတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများက ကြိုတင်ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ရာ သက်ဆိုင်ရာနိုင်ငံရေးပါတီများမှ ပါတီကိုယ်စားလှယ်များက စောင့်ကြည့်လေ့လာခဲ့ကြပြီး ဆန္ဒမဲပေးပြီးနောက် မဲပုံးများကို မြို့မရဲစခန်းရှိ မြန်မာ့စီးပွားရေးဘဏ်ငွေတိုက်ခွဲတွင် တာဝန်ရှိသူများက လုံခြုံစွာ ထိမ်းသိမ်းထားရှိကြောင်း သိရသည်။
ချော(မိုင်းကိုင်)