ကိုကိုးကျွန်းမြို့နယ်တွင် သရက်သီးနှင့် နာနတ်သီးအခြေခံ အဆင့်မြင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်

ကိုကိုးကျွန်း နိုဝင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သရက်သီးနှင့်နာနတ်သီးအခြေခံ အဆင့်မြင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၁) နာရီအချိန်တွင် ကိုကိုးကျွန်းမြို့နယ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီစောမှ အဖွင့်မှာစကားပြောကြားရာတွင် သရက်သီးနှင့် နာနတ်သီးအခြေခံ အဆင့်မြင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဟာ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုအနေနဲ့ တစ်ပိုင်တစ်နိုင်လုပ်ငန်း လုပ်ကိုင်နိုင်မှာဖြစ်ပြီး ဒေသခံပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန်နှင့် ဝင်ငွေရရှိစေပြီး အကျိုးရရှိစေမည့် ကာလတိုသင်တန်းဖြစ်ကြောင်း စိုက်ပျိုးရေးကုန်ကြမ်းသီးနှံ အခြေခံစားသောက်ကုန်ထုတ်လုပ်ငန်းများ၊ ဖွံ့ဖြိုးတိုးတက်လာစေဖို့ သရက်သီးနှင့် နာနတ်သီးအခြေခံ အဆင့်မြင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းမှာဆိုလျှင် တာရှည်ခံ သရက်သီးနှင့်နာနတ်သီးဖျော်ရည်၊ သရက်သီးသနပ်၊ သရက်သီးဆားရေစိမ်၊ သရက်သီးနှင့် နာနတ်သီးယို၊ သရက်သီးနှင့်နာနတ်သီးခြောက်ယို၊ သရက်သီးနှင့်နာနတ်သီး(syrup)၊ သရက်သီးနှင့်နာနတ်သီးဝိုင် အစရှိတာတွေကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ ဒါ့အပြင် ဒီဒေသမှာ ပေါများစွာထွက်ရှိတဲ့ အုန်းသီးကိုအခြေခံပြီး အုန်းယို၊ အုန်းဂျယ်လီ၊ အုန်းဝိုင်စတဲ့ အုန်းနဲ့ပတ်သက်သည်များကိုလဲ ထည့်သွင်းသင်ကြားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကေခိုင်မြတ်ထွန်းမှ သရက်သီးနှင့်နာနတ်သီးယိုနှင့် ပတ်သက်သည့်အကြောင်းအရာများကို ပို့ချမည့် သင်ခန်းစာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီစောနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးအသင်းဝင်များ၊ သင်တန်းနည်းပြများနှင့်သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း အင်အား(၇၁)ဦး တက်ရောက်ခဲ့ပြီး သင်တန်းတက်ရောက်သူ (၁၁)ဦးရှိကြောင်း သိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)