ဆိပ်ကြီးခနောင်တို နိုဝင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန် မြို့နယ်အဆင့် သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမတွင် ပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးမောင်မောင်သာတို့က သင်တန်းဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဇော်ထွန်းက လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များအား ရှင်းလင်းပြောကြားကာ သင်တန်းကို စတင်သင်ကြားပို့ချသည်။
သင်တန်းတွင် ခရိုင်အဆင့် နည်းပြသင်တန်းတက်ရောက်ခဲ့သည့် သင်တန်းနည်းပြသုံးဦးမှ မြို့နယ်အဆင့် သင်တန်းတက်ရောက်မည့် သင်တန်းသား/ သင်တန်းသူ ၄၄ ဦးတို့အား “မဲရုံမှူး၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ဒုတိယမဲရုံမှူး၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ မဲစာရင်းစစ်ဆေးသူ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ထိန်းချုပ်စက်ကိုင်တွယ်သူ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ မဲရုံလုံခြုံရေးဆောင်ရွက်သူ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ” စသည့် လုပ်ငန်းလမ်းညွှန်ပါသင်ခန်းစာများအား နိုဝင်ဘာ ၁၇ ရက်မှ ၁၈ ရက်နေ့အထိ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ဝေယံ (ပြန်/ဆက်)