ဒဂုံဆိပ်ကမ်း နိုဝင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းရှိ ပြည်သူများအဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော သန့်ရှင်းသောသောက်သုံးရေများ စဥ်ဆက်မပျက် ရရှိစေရန်နှင့် အမှိုက်များ စနစ်တကျစွန့်ပစ်ခြင်းများကြောင့် ရေမှတစ်ဆင့်ကူးစက်တတ်သောရောဂါများ ဖြစ်ပွားမှုနည်းပါးစေရန် ရည်ရွယ်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းမှုဆိုင်ရာ အသိပညာပေးခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် (၉) နာရီက အမှတ် (၉၂၊ ၉၄)ရပ်ကွက်တို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး ဦးသက်ဆွေနှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုအသင်းဥက္ကဋ္ဌ ဒေါ်အိအိဖြိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်းတာဝန်ခံ ဒေါ်နီလာဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ရေနှင့်သန့်ရှင်း မှုဆိုင်ရာအကြောင်း သိကောင်းစရာများ၊ ပတ်ဝန်းကျင်တွင် ရေမသန့်ရှင်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရောဂါအန္တရာယ်များမှ ကင်းဝေးရန်အတွက် သန့်ရှင်းစွာနေထိုင်မှု စနစ်များအား အသိပညာပေးဆောင်ရွက်ခဲ့ကြပြီး မြို့နယ်အတွင်း ရေဖြန့်ဝေပေးနေသည့် ရေလှောင်ကန်များနှင့်ရေငုတ်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)