ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ထားဝယ် နိုဝင်ဘာ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့အထများ ဖြစ်ပေါ်လာစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိုးမိုးခိုင်က နိုင်ငံတော်အနေဖြင့် စာဖတ်ရှိန်မြှင့်မားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို နေရာအနှံ့တွင် ကျင်းပဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်လူရွယ်များအနေဖြင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာနိုင်စေရေး၊ စာအုပ်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများရရှိလာနိုင်စေရေး၊ ရရှိလာသည့် အသိပညာဗဟုသုတများကို မိမိ၏မိသားစုနှင့် ပတ်ဝန်းကျင်တွင် မျှဝေပေးနိုင်ရေး၊ အသိပညာရရှိစေသည့် စာအုပ်၊ စာပေများကို ရွေးချယ်ဖတ်ရှုလာနိုင်စေရေး၊ လူငယ်လူရွယ်များ ဗလငါးတန်နှင့် ပြည့်စုံလာနိုင်စေရေးတို့အတွက် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် လှုပ်ရှားဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများနှင့် စာအုပ်၊ စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သတင်းရရှိသည်။

ငွေဇင်ယော် (ထားဝယ်)