၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန် နိုဝင်ဘာ ၁၈

၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာအားကစားခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး စစ်တုရင်ဆပ်ကော်မတီမှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က ၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား စစ်တုရင်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များအား ကြည့်ရှုအားပေးသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားအားကျင်းပရာ လူငယ်စစ်တုရင်ပြိုင်ပွဲ၊ အသက်(၅၅)နှစ်အထက် စစ်တုရင်ပြိုင်ပွဲနှင့် မျက်မမြင်စစ်တုရင်ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများနှင့် တစ်ဦးချင်း စစ်တုရင်ပြိုင်ပွဲတွင် အဆင့်(၄)မှ အဆင့်(၁၀) ဆုရရှိသူများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ တစ်ဦးချင်း စစ်တုရင်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိသူများကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ချီးမြှင့်ခဲ့သည်။

အဆိုပါ ၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား စစ်တုရင်ပြိုင်ပွဲကို နိုဝင်ဘာလ(၁၂)ရက်နေ့မှ နိုဝင်ဘာလ(၁၇)ရက်နေ့အထိ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အားကစားသမား (၁၀၅) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)