ကော့မှူး နိုဝင်ဘာ ၁၇
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် တာလမ်းသစ်ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း အ.မ.က (တာလမ်းသစ်)ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် အ.မ.က တာလမ်းသစ်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွှန့်ညွှန့်ဝေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် ဗလငါးတန်နှင့် ပြည့်စုံစေရန် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အလိမ္မာစာမှာရှိ၊ စာအုပ်စာပေလူမိတ်ဆွေဆိုသည် အတိုင်းစာအုပ်စာပေများ ချစ်မြတ်နိုးပြီး ကျောင်းစာအပြင် ပြင်ပစာပေ များဖတ်ရှုလိုခြင်းများ ဖြစ်ပေါ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာကြည့်တိုက်သို့ လာရောက်၍ ငယ်ရွယ်စဉ်က ပင်စာအုပ်စာပေများ လေ့လာဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေဖတ်ရှုခြင်းကြောင့် အမှားအမှန် ဝေဖန်ပိုင်းခြားဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း၊ စာဖတ်မှသာလျှင် မိမိဘဝတိုးတက်လာမည် ဖြစ်ကြောင်းနှင့် စာပေနှင့်ပတ်သက်သော အကြောင်းအရာများအား အကျယ်တဝင့် ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကျင်းပရာ အ.မ.က (တာလမ်းသစ်)ကျောင်းမှ ကျောင်းသား/ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကို ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်ကဆုများပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အမျိုးသမီးအကြမ်းဖက်မှု ပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်များ၊ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသထားရာ ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာနေကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)