တိုက်ကြီး နိုဝင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ဗဟိုမြေစာရင်းလေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း၌ ဝန်ကြီးဌာနကိုယ်စားပြု ဦးစီးအရာရှိများ လုပ်ငန်းခွင်သင်တန်း အမှတ်စဉ်(၁)နှင့် အရာရှိမြေတိုင်းသင်တန်း အမှတ်စဉ်(၁၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ မိနစ် ၃၀ က ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ဗဟိုမြေစာရင်းလေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း ညွှန်ကြားရေးမှူးကျောင်းအုပ်ကြီး ဦးသိန်းစိုးမင်းက ဌာန၏လုပ်ငန်းများ တာဝန်ယူဆောင်ရွက်ရာတွင် လုပ်ငန်းကျွမ်းကျင်ပြီး တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ တာဝန်ထမ်းဆောင်နိုင်စေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ တိုးတက်ပြောင်းလဲလာသည့် နည်းပညာများကို မျက်ခြေမပြတ်စေဘဲ အမြဲလေ့လာဆည်းပူးပြီး သုတေသနမှသည် လုပ်ငန်းခွင်သို့ အသုံးချနိုင်အောင် ကြိုးစားလေ့ကျင့်စေလိုကြောင်း ပြောကြားသည်။
အဆိုပါ ဝန်ကြီးဌာနကိုယ်စားပြု ဦးစီးအရာရှိများ လုပ်ငန်းခွင်သင်တန်း အမှတ်စဉ်(၁)သို့ သင်တန်းသား ၆၄ ဦး တက်ရောက်ကာ သင်တန်းကာလမှာ ၄ ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး အရာရှိမြေတိုင်းသင်တန်း အမှတ်စဉ်(၁၂)သို့ သင်တန်းသား ၂၅ ဦး တက်ရောက်ကာ သင်တန်းကာလမှာ တစ်နှစ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)