တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ဘုတ်ပြင်းမြို့ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ တက်ရောက်ကြည့်ရှုအားပေး၊ ခန်းမဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ တက်ရောက်

ဘုတ်ပြင်း နိုဝင်ဘာ ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား/သူများ စာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေပေးနိုင်ရန်၊ ကျောင်းသား/သူများ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက ဘုတ်ပြင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ရှေးဦးစွာ  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊  တိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီး ဦးသက်နိုင်၊ တိုင်းဒေသကြီးပညာရေးမှူး ဦးဝင်းနောင်နှင့် ဘုတ်ပြင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းကိုတို့က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး နှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ 

ထို့နောက် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ခင်းကျင်းပြသထားသည့် လူငယ်ရေးရာအသိပညာပေးလှုပ်ရှားမှု မှတ်တမ်းများ၊  လှပသာယာပြည်မြန်မာရောင်စုံဓာတ်ပုံများ၊ စာအုပ်ပြပွဲနှင့် စာအုပ်စာစောင်များရောင်းချနေမှုကို ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍  ကျောင်းဝင်းအတွင်း ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကာယ/ဉာဏစွမ်းရည်ပြိုင်ပွဲများကို ကျောင်းသား/သူ(၁၂၀၀) ကျော်ပါဝင်နွဲပျော်နေမှု၊ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပါဝင်ယှဉ်ပြိုင်သော ကျောင်းသား/သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်ကြသည်။

စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဉာဏစွမ်းရည်ပြိုင်ပွဲအနေဖြင့် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ စကားရည်လုပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကျင်းပပြီး ကာယစွမ်းရည်ပြိုင်ပွဲအနေဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ မြန်မာ သဒ္ဒါသတ်ပုံအမှန်ရွေးပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ စာလုံးဆက်ကစားနည်း၊ ခါးကွင်းလှည့်ကစားနည်း၊ အိတ်စွတ်ပြေးကစားနည်း၊ အာလူးကောက် ကစားနည်း၊ ခွက်နင်းကစားနည်းများကို ကျင်းပရာ ကျောင်း သား/သူများ ပျော်ရွင်စွာ နွဲပျော်ယှဉ်ပြိုင်ကြသည်။

ဆက်လက်ပြီး ကျောင်းဝင်းအတွင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် အလျား(၁၀၀)ပေ၊ အနံ(၄၀)ပေ RRC တစ်ထပ် နဝရတ်ခန်းမအသစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ခန်းမအသစ်အား ပညာရေးဌာနသို့ လွှဲပြောင်း ပေးအပ် ပွဲကို အဆိုပါခန်းမတွင် ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။

အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ကျောင်းတစ်ကျောင်း၌ ခန်းမသည် အရေးကြီးကြောင်း၊ ခန်းမအတွင်း စာပေထူးချွန်တာပဲဖြစ်ဖြစ် အားကစားထူချွန်တာပဲဖြစ်ဖြစ် စင်မြင့်ပေါ်၌ ထူးချွန်လို့ ဆုတက်ယူရသည့်ခံစားမှုက ဘာနဲ့မှမလဲနိုင်ကြောင်း၊ ဒီလိုဆုမျိုးတက်ယူရတာကို ကျန်တဲ့ ကျောင်းသား/သူများ အတုယူကြိုးစားလိုစိတ်ရှိလာကြမည်ဖြစ်ကြောင်း၊ ၂၀၂၄-၂၅ ပညာသင်နှစ်တွင် (၆) ဘာသာဂုဏ်ထူးရအောင် ပညာသင်ပေးနိုင်သော ဆရာ/ဆရာမများလည်း ရှိပြီးဖြစ်တဲ့အတွက် အောင်ချက်ရာခိုင်နှုန်းလည်း တိုးတက်လာကာ ကျောင်း၏ဂုဏ်ကို ပို၍တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ကြမည့် တပည့်များမွေးထုတ်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ကျောင်းဂုဏ်ဆောင် လူရည်ချွန်များလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်လာပြီး လူရည်ချွန်(၃)ထပ် ကွမ်း(၁)ဦး၊ (၂)ထပ်ကွမ်း(၁)ဦး၊ (၁)ထပ်ကွမ်း(၂)ဦးရရှိအောင် စွမ်းဆောင်နိုင်သည့် ကျောင်းတစ်ကျောင်းဖြစ်ကြောင်း၊ 

တိုးတက်ပြောင်းလဲလာသော ပညာရေးစနစ်တွင် သင်ယူခြင်းသည်  အဓိကအရေးကြီးပြီး  ဖွံ့ဖြိုးတိုးတက်လာသော သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာများအရ တစ်သက်သာသင်ယူလေ့လာနိုင်ရန်အတွက် အခွင့်အလမ်းကောင်းတစ်ခုအဖြစ် အသုံးချနိုင်ဖို့လိုအပ်ကြောင်း၊ ကျောင်းသား/သူများ၏ ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲများ၊ လူငယ်စကားဝိုင်းများ ပြုလုပ်ပေးရမည်ဖြစ်ကြောင်း၊ ကျောင်းသား/သူများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟု ဆိုအပ်သော ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ပြုစုပျိုးထောင်ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နဝရတ်ခန်းမအသစ်အား ပညာရေးဌာနသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက လွှဲပြောင်း ပေးအပ်ခဲ့ရာ တိုင်းဒေသကြီးပညာရေးမှူး ဦးဝင်းနောင်က လက်ခံရယူပြီး ကျောင်းအကျိုးတော် ဆောင်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယခင်နဝရတ်ခန်းမအဟောင်းသည် အလျား (၇၀) ပေ အနံ(၄၅)ပေ သစ်သားတိုင် အုတ်ညှပ်သွပ်မိုးအဆောင်ဖြစ်ကာ နှစ်ကာလကြာလာသည်နှင့် လေဒဏ်၊ မိုးဒဏ်၊ ရာသီဥတုဒဏ်ကြောင့် ဆက်လက်အသုံးပြုရန် မသင့်တော်သောကြောင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရန်ပုံငွေဖြင့် ကျပ်သိန်း(၂၂၄၀)ဖြင့် ယခုကဲ့သို့ နဝရတ်ခန်းမအသစ် အလျား (၁၀၀) ပေ၊ အနံ (၄၀) ပေ RRC တစ်ထပ်အမျိုးအစားကို  တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)