ကျောက်ဆည် ဩဂုတ် ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ယာဉ်မတော်တဆအဖြစ်များသည့် မဟာရွှေသိမ်တော်ဘုရားဝင်ပေါက်အတွက် ရန်ကုန်-မန္တလေးကားလမ်းမကြီးတွင် အမှတ် (၉၂) ယာဉ်ထိန်းတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ရဲအုပ်ကျော်စိုးလွင်နှင့် ဝန်ထမ်းများသည် ယမန်နေ့မွန်းလွဲ (၁) နာရီက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုအားနည်းသူများအား အရေးယူမှုမရှိဘဲ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရွှေသိမ်တော်ဘုရားဘက်မှ မောင်းထွက်လာသည့် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များသည် ရန်ကုန်-မန္တလေး ကားလမ်းပေါ်တွင် သွားလာနေသောယာဉ်များအား ဦးစားပေးမှုမရှိဘဲ မောင်းထွက်နေကြသောကြောင့် ယာဉ်မတော်တဆမှု မကြာခဏဖြစ်ပွားနေခြင်းကြောင့် ဆောင်ရွက်နေရခြင်း ဖြစ်ကြောင်း ရဲအုပ်ကျော်စိုးလွင်ကပြောကြားပြီး ယာဉ်အသုံးပြုသူများနှင့် လမ်းအသုံးပြုသူ ပြည်သူများအား မော်တော်ယာဉ်နည်းဥပဒေတွင် ပြဌာန်းထားသည့် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများ၊ ဗွီနိုင်းပိုစတာများနှင့် အသိပေးရှင်းလင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မဟာရွှေသိမ်တော်ဆုတောင်းပြည့်ဘုရားသည် ကန်တော့ပွဲထိုးပြီး အဓိဌာန်ပြုကာ ဆုတောင်းရာတွင် တောင်းသည့်ဆုများပြည့်စုံသောကြောင့် မြန်နိုင်ငံအနှံ့အပြားမှဘုရားဖူးများ စျေးသည်များဖြင့် စည်းကားလျက်ရှိကြောင်းလည်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)