ကချင်ပြည်နယ်ဝန်ကြီးချူပ် မြစ်ကြီးနားမြို့စီတာပူမနောကွင်းမဂျွယ်ခန်းမ၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ်၊ ရိုးရာကောက်သစ်စားပွဲတော်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများအားကြည့်ရှုစစ်ဆေး

မြစ်ကြီးနား နိုဝင်ဘာ ၁၄

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ ပူးပေါင်းပါဝင်သည့် ၂၀၂၅ ခုနှစ်၊ ရိုးရာကောက်သစ်စား(အင်လုံအင်နန်ရှား)ပွဲတော်ကိုကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အထင်ကရနေရာတစ်ခုဖြစ်သည့် စီတာပူမနောကွင်းအတွင်းရှိ မဂျွယ် ခန်းမ၌ ရိုးရာအစဉ်အလာနှင့်အညီ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပွဲတော်ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မနောကွင်းအဝင်ပေါက်မှတစ်ဆင့် မဂျွယ်ခန်းမ၌ကျင်းပမည့်ပွဲတော်သို့ လာရောက်ကြသည့် ဧည့်သည်တော်များအား ဘင်ခရာ အတီးအမှုတ်အဖွဲ့တို့နှင့် ကချင်ရိုးရာဧည့်ကြိုတေးသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ ကြိုဆောင်ရွက် ကြမည့်အစီအစဉ်များ၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာနှင့် ပန်းပွားအဖွဲ့ တို့က ကြိုဆိုခေါ်ဆောင်သွားမည့် အစီအစဉ်များနှင့် မဂျွယ်ခန်းမရှေ့ ပွဲတော်မုခ်ဦး၌ ဖဲကြိုးဖြတ်ဖွင့်လှစ်သွားမည့်အစီအစဉ်များ၊ ခန်းမအတွင်းရိုးရာအတီးအမှုတ်တို့ဖြင့် ကောက်သစ်စား ကျေးဇူးတော်ချီးမွမ်းနိုင်ရေး အသီးအနှံများ သယ်ဆောင်လာမည့် အစီအစဉ်များ၊ စင်မြင့်၌ ဘာသာ ရေးဆရာများနှင့် ကျေးဇူးတော်ချီးမွမ်းခြင်း အစီအစဉ်တို့အတွက် ကြိုတင်ပြင်ဆောင်ရွက်နေမှု အခြေအနေများနှင့် ကောက်သစ်စား ကျေးဇူးတော်ချီးမွမ်းပွဲအပြီး ပွဲတော်လာ‌ရောက်လာသူများနှင့်အတူတကွ နေ့လည်စာစားသုံးမည့်အစီအစဉ်များအတွက်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြို့နယ်စုပေါင်းရုံး မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်သည့် ဗန်းမော်ခရိုင်းအတွင်းမှ နယ်မြေလုံခြုံရေးအခြေအနေအရ မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်အသီးသီး၌ ယာယီတိမ်းရှောင်နေထိုင်လျက်ရှိသော ဘာသာရေးအဖွဲ့ အစည်းအသီးသီးမှ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်း အနားသို့ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဗန်းမော်ခရိုင်အတွင်းရှိ နှစ်ခြင်းခရစ်ယာန် အသင်းတော်များ၊ ကက်သလစ်အသင်းတော်များမှ ဓမ္မအမှုဆောင်များ၊ ဘုန်းတော်ကြီးကျောင်းတိုက် စခန်းနှင့် ပင်စင်စားဝန်ထမ်း အိမ်ထောင်စု (၄၃၀)စုတို့အတွက် ငွေကျပ်စုစုပေါင်း (၄၃၇၃၁၀၀၀) တန်ဖိုးရှိ ဆန် (၂၄)ပြည်ပါအိတ် (၄၃၀)အိတ်၊ ဆီ (၄၃၀)ပိဿာ၊ ကြက်ဥအလုံးရေ (၈၆၀၀)တို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြရာ ယာယီတိမ်းရှောင်သူများကိုယ်စား တာဝန်ရှိသူတစ်ဦးက အိမ်ထောင်စုများ၏ နေထိုင်စားသောက်မှုဆိုင်ရာအခက်အခဲများနှင့် ကျေးဇူးတင်စကားကို တင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယာယီတိမ်းရှောင် မိသားစုများနေထိုင်မှု အဆင်ပြေစေရေးနှင့် စားသောက်မှုအဆင်ပြေစေရေးကို အတတ်နိုင်ဆုံး ဖြည့် ဆည်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ နိုင်ငံတော်မှလည်း ထောက်ပံ့ပေးခြင်းများကို လစဉ် ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့ဒေသတည်ငြိမ်အေးချမ်းရေးနှင့် နေရပ်ပြန်နိုင်ရေးအတွက် အားလုံးက အတူတကွ ဝိုင်းဝန်းကြိုးစားကြရမည်ဖြစ်ကြောင်း အားပေးပြောကြားခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်အသီ သီး၌ ယာယီခိုလှုံနေထိုင်လျက်ရှိသော ဗန်းမော်ခရိုင်၊ မံစီနှင့် မိုးမောက်မြို့နယ်များအတွင်းရှိ အိမ်ထောင်စု(၁၀၅)ကျော်နှင့် ဝိုင်းမော်မြို့နယ် ဆဒုံးမြို့နှင့်ကျေးရွာများမှ အိမ်ထောင်စု (၁၅)စုတို့အား နေရာချထားပေးနိုင်ရေးအတွက် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံး အနီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်)ပိုင် မြေဧရိယာအတွင်း နေရာချထားပေးနိုင်ရေး၊ ယာယီနေအိမ်တန်းလျားများ တည်ဆောက်ပေးနိုင်ရေးနှင့် ရေ၊ မီးစသည့် အခြေခံလိုအပ်ချက်များပါ အမြန်ဆုံးနှင့် တစ်ပါတည်း ဆောင်ရွက်ပေးနိုင်ရေး စခန်းအသီးသီးမှ တာဝန်ရှိသူများ၊ ရပ်မိ/ ရပ်ဖ များနှင့်အတူ ကွင်းဆင်းစစ်ဆေး၍ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ကုတင်-၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်ပံ့ပိုးမှု၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးမှု ဖြင့် ဆေးရုံကြီး (၃)ထပ်လူနာဆောင်၌ ကုသရေးဦးစီးဌာနမှ ပါမောက္ခများနှင့် အထူးကုဆရာဝန်ကြီး များက ‌ကချင်ပြည်နယ်အတွင်းရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား အခမဲ့ခွဲစိတ်ကုပေးခြင်း အစီအစဉ်ဖြင့် နိုဝင်ဘာ ၁၂ ရက်က စတင်၍ ခွဲစိတ်ကုသပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်း အဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြပြီး ခွဲစိတ်ကုသပေးနေကြသည့် ဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ငွေကျပ် သိန်း ၅၀ ကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ဆေးရုံကြီးအတွင်း ခွဲစိတ်ကုသပြီးစီးသည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး လူနာများအတွက် ထောက်ပံ့ငွေများကိုလည်းကောင်း၊ ခွဲစိတ်ကုသမှုခံယူရန် စောင့်ဆိုင်းနေသည့် လူနာများအတွက် မုန့်နှင့်ရေသန့်ဘူးများကိုလည်းကောင်း လိုက်လံပေးအပ်ခဲ့ပြီး ခွဲစိတ်ကုသပေးလျက်ရှိသည့် ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများနှင့် ခွဲစိတ်ခံလူများအတွက် ချီးမြှင့်ထောက်ပံ့ငွေကျပ် ၂၂၅၀၀၀၀၀ ကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)