ရပ်စောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁၆) ကတိသစ္စာခံယူပွဲနှင့် သင်တန်းဆင်းပွဲ ပြုလုပ်

တောင်ကြီး နိုဝင်ဘာ  ၁၄

ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁၆) သင်တန်းဆင်းပွဲကို နိုဝင်ဘာ  ၁၃ ရက် နံနက် ၈ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ရှိ တပ်မတော် (ကြည်း) အမှတ်(၁) အရာခံနှင့်အကြပ်ကြီးသင်ကျောင်းစစ်ရေးပြကွင်း၌ ပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ တောင်ကြီးခရိုင်လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းမင်းသိန်း၊ ဗထူးတပ်နယ်မှူးဗိုလ်မှူးချုပ် ဇေယျာလင်း၊ တပ်မတော်(ကြည်း) အမှတ်(၁) အရာခံနှင့် အကြပ်ကြီးသင်ကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး‌ ကျော်သူလှိုင်နှင့် တပ်နယ်မှအရာရှိများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမင်းစိုးနိုင် ၊မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက် /ကျေးရွာအုပ်စုအုပ်ချုပ်ရေး မှူးများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသား (၄၈၁)ဦး တက်ရောက်ခဲ့ကြသည်။

သင်တန်းဆင်းပွဲတွင် သင်တန်းသားများနှင့်အတူ နိုင်ငံတော်အလံကိုအလေးပြုခဲ့ကြသည်။ တပ်မတော် ဗိုလ်မှူးကြီး ကျော်သူလှိုင်က ပြည်သူ့စစ်မှုထမ်း သင်တန်းသား (၄၈၁)ဦးအား စစ်ဆေးမှု ပြုလုပ်ခဲ့ပြီးနောက် စံပြတပ်သားဆု၊ လက်ဖြောင့်ထူးချွန်ဆု၊ စစ်မြေပြင် အင်ဂျင်နီယာ ထူးချွန်ဆု၊ ချေမှုန်းရေး အကောင်းဆုံးတပ်စိတ်ဆု၊ စစ်သည်တော်ကျင့်ဝတ်ဆု၊ တပ်စိတ်တိုက်ပွဲ အကောင်းဆုံးတပ်စိတ်ဆု၊ အိပ်ဆောင်ခင်းကျင်းမှုအကောင်းဆုံးဆုများ ပေးအပ်ချီးမြှင့်ပြီးနောက် ဖွင့်မိန့်ခွန်းပြောကြားခဲ့ကာ သင်တန်းဆင်းသင်တန်းသားများက စစ်ကြောင်းပုံစံ ဖြင့်ချီတက် အလေးပြုခဲ့ကြသည်။

ထို့နောက် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်အတူ တာဝန်ရှိသူများက စားရိပ်သာခန်းမ၌ ပြည်သူ့စစ်မှုထမ်း သင်တန်းသားများအား ကြိုဆိုဂုဏ်ပြုစကား ပြောကြားခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းသားများနှင့် အတူတကွ လက်ဖက်ရည် သုံးဆောင်ခဲ့ကြကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)