တာချီလိတ် နိုဝင်ဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ အဘကိုးမြို့ရှင် (ပင်မ)ဗိမ္မာန်တော်ကြီးမှ အလှူငွေကျပ် (၃၀၀၀)အား ဘာသာ၊ သာသနာတော်ထွန်းကားပြန့်ပွားစေရန်အတွက် အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မကာဟိုခမ်းရပ်ကွက်၊ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး ကျိုင်းတုံမြို့၊ သီလဓမ္မကုန်းသာတောရကျောင်းတိုက်ဦးစီးပဓာန နာယကဆရာတော်အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇဘဒ္ဒန္တကောဝိဒထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်သော ပရိတ်တရားတော်မြတ်ကို နာယူကြည်ညိုကြသည်။
ထို့နောက် သီလဓမ္မကုန်းသာတောရကျောင်းတိုက် ဝစီပိတ်ဆရာတော်ဘုရားကြီးက တာချီလိတ် မြို့၏ အထင်ရဖြစ်သော ရွှေတိဂုံစေတီတော်၌ ဘုရားဖူးတိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာ ကြည်ညိုစွာဖူးမြှော်နိုင်စေရန်အတွက် ဆောက်လုပ်မည့် အာရုံခံတန်ဆောင်း အတွက် အလှူငွေကျပ် သိန်း (၁၀၀၀)အား ရွှေတိဂုံဂေါပက ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များထံသို့ လည်းကောင်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်က မဟာမြတ်မုနိဘုရားကြီး ကျောင်းတိုက် ပရိယတ္တိ ငွေပဒေသာပင်အတွက် အလှူငွေကျပ် သိန်း(၁၀၀၀)အား မဟာမြတ်မုနိ ကျောင်းအကျိုးတော်ဆောင် ဂေါပကအဖွဲ့ထံသို့လည်းကောင်း၊ အဘကိုးမြို့ရှင် (ပင်မ) ဗိမ္မာန်တော်ကြီးဥက္ကဋ္ဌ သီဟသုဓမ္မ မဏိဇောတဓရ ဦးတင်လှိုင်နှင့် ဦးဇော်မြင့် (ရွှေမင်းဖြိုးအင်တာပရိုက်စ်ကုမ္ပဏီ)တို့က ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အလှူငွေကျပ် သိန်း(၁၀၀၀)အား ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ထံသို့ လည်းကောင်း အသီးသီးပေးအပ်လှူဒါန်းပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ အလှူရှင်များက ဆရာတော်ကြီးများထံသို့ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တအာဒိစ္စဝံသာလင်္ကာရ အရှင်သူမြတ်ထံမှ အနုမောဒနာတရားနှင့် ရေစက်ချတရားနာယူကြည်ညိုကာ ဗုဒ္ဓသာသနံစိရံတိဠတု သုံးကြိမ်ရွတ်ဆိုပြီး ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခြင်းဖြင့် အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်း သိရသည်
ကျော်ဇေယျာလင်း