မိုးနဲမြို့နယ်၌ ပဲပုပ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မိုးနဲ နိုဝင်ဘာ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ဒေသခံပြည်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကိုသာ အဓိကမိသားစုစီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ကြပြီး ယခုကာလတွင် စီးပွားဖြစ် ပဲပုပ်၊ နေကြာနှင့် ပန်းနှမ်းတို့ကို စိုက်ပျိုးထားကြကြောင်း သိရသည်။

စိုက်ပျိုးသီးနှံများထဲမှ ပဲပုပ်သီးနှံသည် စတင်စိုက်ပျိုးပြီးချိန်မှ ၄ လကြာချိန်တွင် ရိတ်သိမ်းနိုင်ကြောင်း၊ စိုက်ပျိုးချိန်တွင် ထွန်စက်ကြီးများဖြင့် ထွန်ယက်ကာ မျိုးစေ့ချသူများငှားရမ်းပြီး စိုက်ပျိုးထားကြရကြောင်း၊ လိုအပ်သည့် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး၊ အပင်အားတိုးဆေးတို့ကို အသုံးပြုပေးထားကြောင်း၊ ရာသီအလိုက် ပြောင်း၊ ပဲပုပ်ကိုသာ အဓိကစိုက်ပျိုးကြောင်း၊ ပဲပုပ်ရိတ်သိမ်းရချိန်ရောင်းချရာ၌ ဈေးကောင်းရရှိရန် မျှော်လင့်ကြောင်းနှင့် စိုက်ပျိုးထားသော ပဲပုပ်ပင်များဖြစ်ထွန်းလျက်ရှိပြီး ယခင်နှစ်ထက် အထွက်တိုးရန် မျှော်လင့်ကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။

ဇင်ကိုကို