ကျောက်ပန်းတောင်း နိုဝင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အောင်မင်္ဂလာရပ်ကွက်ရှိ မင်္ဂလာစေတီကုန်းတော်ကြီး ဆုတောင်းပြည့်ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် အကြိမ် (၃၀) မြောက် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲနှင့် ဆွမ်းသပိတ်လုံးလောင်းလှူပွဲကို၊ နိုဝင်ဘာ (၁၂) ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်က အဆိုပါ ဘုရားကြီးရင်ပြင်တော်ပေါ်တွင် ကျင်းပခဲ့သည်။
ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်အဖြစ် အကြိမ်(၃၀)မြောက် မဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို တန်ဆောင်မုန်းလပြည့်ကျော် (၃) ရက်နေ့ ရက်နေ့မှ တန်မုန်းလပြည့်ကျော် (၇) ရက်နေ့အထိ ရွတ်ဖတ်ပူဇော်ခဲ့ခြင်းဖြစ်ပြီး၊ ပဋ္ဌာန်းအောင်ပွဲနှင့် ဆွမ်းသပိတ်လုံးလောင်းလှူပွဲကို ယနေ့ကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဆွမ်းသပိတ်လုံး လောင်းလှူပူဇော်ပွဲသို့ ကျောင်းတိုက်အသီးသီးမှ ပင့်သံဃာ (၁၅၀) ပါး ကြွရောက်အလှူခံတော်မူကြပြီး၊ မင်္ဂလာစေတီကုန်းတော်ကြီး ဆုတောင်းပြည့်ဘုရားကြီး အကျိုးတော်ဆောင်နာယကနှင့် ဂေါပကအဖွဲ့ဝင်များ၊ ဆွမ်းသပိတ်လုံးအလှူရှင် မိသားစုများ စုစုပေါင်း (၄၅၀) ဦးကျော်တို့က လှူဘွယ်ဝတ္ထုပစ္စည်းများ လောင်းလှူဆက်ကပ်ကြသည်။
အဆိုပါ ဆွမ်းသပိတ်လုံး လောင်းလှူကြသူမိသားစုများအား အလှူရှင်များက မုန့်ဟင်းခါး၊ ခေါက်ဆွဲ၊ လဖက်သုပ်များဖြင့် ဧည့်ခံကျွေးမွေးကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)